ချက်ပြုတ်နည်းများ

ကိုရီးယားစတိုင် ကန်စွန်းဥထမင်းပေါင်းလုပ်နည်း

ဘယ်အစားအစာပဲဖြစ်ဖြစ် ဆိုင်တွေမှာ စျေးကြီးပေးပြီး ဝယ်စားမဲ့အစား အိမ်မှာပဲ ကိုယ့်စိတ်ကြိုက်လုပ်စားချင်တဲ့သူတွေ ရှိကြလား? အဲ့လိုဆိုရင်တော့ ဒိုးမယ်က ကိုရီးယားစတိုင် ကန်စွန်းဥထမင်းပေါင်းလုပ်နည်းလေးကို ဝေမျှပေးမယ်နော်။

ကိုရီးယားစတိုင် ကန်စွန်းဥထမင်းပေါင်းလုပ်နည်း

ကိုရီးယားကားတွေမှာ မင်းသား မင်းသမီးတွေ စားပြကြတဲ့အတိုင်း ကိုရီးယားစတိုင် ထမင်းပေါင်းလေးကို အိမ်မှာ လုပ်စားကြည့်ရအောင်လေ။ အရသာရှိတဲ့ ကန်စွန်းဥထမင်းပေါင်းလေးလုပ်ဖို့ ဘာတွေလိုအပ်သလဲဆိုတော့.. ဆန် ၁ ခွက်၊ ကန်စွန်းဥ ၁ ပေါင်ခန့် (၄၅၃ ဂရမ်)၊ နောက်ပြီးတော့ ရေလိုပါတယ်၊ ဆော့စ်လုပ်ဖို့အတွက်က ငံပြာရည် (စားပွဲတင်ဇွန်း ၄ ဇွန်း)၊ ပျားရည် သို့မဟုတ် သကြား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၂ ဇွန်း)၊ ကြက်သွန်မြိတ်(လှီးပြီးသားကို စားပွဲတင်ဇွန်း ၂ ဇွန်း)၊ ကြက်သွန်ဖြူ (၁ မြွာကို နုပ်နုပ်စဉ်း)၊ နှမ်းစေ့လှော် (စားပွဲတင်ဇွန်း ၁ ဇွန်း)နဲ့ ကိုရီးယားငရုတ်သီးမှုန့်(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)တို့ လိုပါတယ်။

အရင်ဆုံး ဆန် ၁ ခွက်ကို ရေကြည်ပေါက်သွားအောင် ၃ ခါလောက်ဆေးပေးပါ။ ပြီးရင် ရေ ၁ ခွက်ခွဲထည့်ပြီး ဆန်ကို နာရီဝက်လောက် စိမ်ထားပေးရပါမယ်.. ထမင်းအိုးအဖုံးကို ပိတ်ထားပေးရမယ်နော်။ အဲ့အချိန်မှာပဲ ကန်စွန်းဥကို အခွံနွှာ၊ ရေအေးနဲ့ဆေးပြီးရင် လက်မဝက်လောက် အတုံးလေးတွေ လှီးထားပေးရပါမယ်။ ပြီးရင်တော့ ကန်စွန်းဥတွေကို ထမင်းအိုးထဲ ရောထည့်ပြီး ထမင်းချက်လိုက်လို့ရပါပြီ။ ရေခမ်းပဲချက်ချက်၊ ထမင်းပေါင်းအိုးနဲ့ပဲချက်ချက် အဆင်ပြေပါတယ်နော်..

ဆော့စ်ကိုကျတော့ အပေါ်မှာပြောထားတဲ့အတိုင်းပဲ ငံပြာရည်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပျားရည် သို့မဟုတ် သကြား၊ ကိုရီးယားငရုတ်သီးမှုန့်၊ ရှာလကာရည်နဲ့ နှမ်းစေ့လှော်တို့ကို ပန်းကန်လုံးထဲရောထည့်မွှေလိုက်ရုံနဲ့ ရပါပြီ။

ထမင်းကျက်ပြီဆိုရင်တော့ ကန်စွန်းဥနဲ့ထမင်းကို နှံ့အောင် သေချာနယ်ပါ။ ဆော့စ်ကိုတော့ ကိုယ်အလိုရှိသလောက်ထည့်ပြီးရင် အရသာရှိတဲ့ ကိုရီးယားစတိုင် ကန်စွန်းဥထမင်းပေါင်းလေးကို စားနိုင်ပါပြီနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top