Uncategorized

အာလိန်ငါးဆင့်ဘုရားမှာ ပြုလုပ်လေ့ရှိတဲ့ကရင်နှစ်သစ်ကူးပွဲတော်

ကဲ ဒီဇင်ဘာလကတော့ ပွဲတော်တွေဆက်နေတာပဲ။ ခရစ်စမတ်ပြီးတာနဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကလည်း ရှိနေတော့ နှစ်စဥ်နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ အာလိန်ငါးဆင့်ဘုရားက ကရင်နှစ်သစ်ကူးပွဲတော်အကြောင်းကို ပြောပြပေးရင်းနဲ့ ကရင်အစားအစာအချို့အကြောင်းကိုလည်း ပြောပြပေးမယ်။

အာလိန်ငါးဆင့်ဘုရားမှာ ပြုလုပ်လေ့ရှိတဲ့ကရင်နှစ်သစ်ကူးပွဲတော်

မနှစ်ကတော့ ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို မင်းဓမ္မလမ်းမှာရှိတဲ့ MCC ရယ်၊ တိုင်းရင်းသားကျေးရွာမှာရယ်၊ အလုံက ကရင်ခြံရယ်၊ နောက်ပြီး အခုပြောပြမဲ့ အာလိန်ငါးဆင့်ဘုရားမှာရယ် လုပ်တယ်.. တခြားနေရာတွေမှာလည်း လုပ်ဖြစ်လားတော့မသိပေမဲ့ ကိုယ်သိသလောက်တော့ ရန်ကုန်မှာဆိုရင် အာလိန်ငါးဆင့်ဘုရားက ပွဲတော်လုပ်ဖြစ်ဖို့ အသေချာဆုံးပဲ။

ပွဲတော်ရက်က အာလိန်ငါးဆင့်ဘုရားမှာ လုပ်နေကျအတိုင်းဆိုရင်တော့ သုံးရက်ပေါ့..။ ကရင်နှစ်သစ်ကူးရက်ကတော့ ခရစ်စမတ်ပြီးတဲ့ နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ပါ။ အာလိန်ငါးဆင့်ဘုရားက ဘယ်နားမှာလဲဆိုတော့ အင်းစိန်ဘက်။ ကျောက်တော်ကြီးဘုရားနဲ့ နီးတယ်..။

တိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ဆိုတော့ ရိုးရာဒုံးယိမ်းအကနဲ့ ရိုးရာအထည်ကတော့ မပါမဖြစ်ပေါ့နော်။ ကရင်သင်တိုင်းတွေလည်း ရောင်းတာမို့လို့ ကရင်သင်တိုင်းလေးဝတ်ပြီး ဓာတ်ဖမ်းချင်ရင်လည်းရတယ်။ ကျန်တဲ့နေရာမှာလုပ်တဲ့ ပွဲတွေကတော့မပြောတတ်ပေမဲ့ အာလိန်ငါးဆင့်ဘုရားမှာကတော့ ပွဲစျေးရှိတယ်လို့ပြောတယ်။ ပွဲစျေးမှာက မုန့်ဟင်းခါးတို့ ရှမ်းခေါက်ဆွဲတို့၊ နောက်ပြီး အကြော်စုံတွေရှိပေမဲ့ ကရင်ရိုးရာအစားအစာတော့ သိပ်မတွေ့ရတတ်ဘူး။

ကရင်ရိုးရာအစားအစာထဲမှာဆိုရင်တော့ နာမည်ကြီးတာက တာဟဲဖိုးတို့၊ တာလပေါတို့ပေါ့။ တာလပေါကတော့ မျှစ်စိမ်းနဲ့ ဆန်လှော်ကို အဓိကထားပြီး ချက်တဲ့ဟင်းမျိုးပေါ့။ အသားလည်းပါပေမဲ့ အသီးအရွက်ပိုကြိုက်တဲ့လူတွေကတော့ ခံတွင်းတွေ့မှာပဲ။ တာဟဲဖိုးက ပဲသီးရယ်၊ မျှစ်ခြောက်ရယ်၊ ခရမ်းကဆော့သီး၊ ပိန်းရွက်ခြောက်တို့ ငါးပိတို့နဲ့ချက်ထားတဲ့ အစပ်ဟင်းလေး..။ နှစ်သစ်ကူးနေ့တွေဆိုရင် ချက်စားလေ့ရှိပြီး ကောက်ညှင်းတို့ ထမင်းတို့နဲ့တွဲဖက်စားလို့ရပါတယ်တဲ့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top