Fast Food

စျေးတန်ပြီး အရသာမိုက်တဲ့ Fast Food ဆိုင်လေးများ

ဗိုက်ဆာပါတယ်ဆိုမှ မုန့်စားရဖို့အရေး အကြာကြီးစောင့်နေရရင် အဆင်မပြေဘူးလေနော်.. ဒီဆိုင်လေးတွေက fast food သီးသန့်ရောင်းတာလေးတွေ။ ကိုယ့်မျက်စိရှေ့မှာတင် လုပ်ပေးတဲ့ အစားအစာတွေမို့လို့ ပူပူနွေးနွေးတွေချည်းပဲ.. ကဲ ဘာဆိုင်တွေလဲဆိုတော့…

 

၁။ My Banh Mi

ဒါကတော့ နာမည်ကြီးပဲ.. ရန်ကုန်မှာ လာဖွင့်တဲ့ ဒီဗီယက်နမ်ဆိုင်ခွဲလေးက မြန်မာပလာဇာ တတိယထပ်မှာရယ်၊ တောင်ဥက္ကလာ သစ္စာလမ်းမှာရယ်၊ လှည်းတန်းစိန်ဂေဟာရှေ့မှာရယ် ရှိတယ်။ မီနူးတွေအကုန်လုံးကလည်း အရမ်းစျေးမကြီးဘူး.. 1300 ကျပ်ကနေစပြီး 2100 လောက်အထိပဲဆိုတော့ ဘက်ဂျက်နဲ့လည်း ကိုက်တယ်လေ။ ဖြတ်သွားဖြတ်လာ ခဏခဏတွေ့ဖူးပေမဲ့ ဝယ်မစားဖူးဘူးဆိုရင်တော့ ဒီဆိုsင်ကို recommend ပေးတယ်နော်.. အမြင်အရတော့ ပေါင်မုန့်သား နည်းနည်းမာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းစားကြည့်ရင် အဲ့လောက်ထိမမာဘူး။ အထဲက အသားတွေဆိုရင် အများကြီး.. စားလိုက်ရင် အိအိနွေးနွေးလေး။

နောက်ပြီး Buy 5 Get 1 ကလည်း all-time promotion တဲ့ဗျာ..! Delivery လည်း ပို့ပေးသေးတာ။ ကိုယ်က အသီးအရွက်သိပ်မကြိုက်တော့ တစ်ခုခုမှာရင် အရွက်တွေဖယ်ခိုင်းသေးတယ် 😂 သူတို့ဆီမှာ လူကြိုက်များတာက ဝက်သားကင်ပေါင်မုန့်ဖြစ်ပြီး  Banh Mi က recommend ပေးတာတွေကတော့ ကြက်သားမွပေါင်မုန့်နဲ့ ဝက်ပေါင်သားပေါင်မုန့်ပါတဲ့။ မြန်မာပလာဇာကဆိုင်ကတော့ ထိုင်စရာနေရာ သိပ်မရှိဘူး.. အဲ့ဆိုင်ခွဲမှာပဲ ဝယ်ဖြစ်တာများတော့ ကိုယ်ကတော့ takeaway ပဲယူတယ်။

အကယ်၍ takeaway ယူသွားပြီး အိမ်ကျမှ ပူပူနွေးနွေးလေးပြန်စားချင်ရင်လည်း မိုက်ခရိုဝေ့နဲ့ ၃-၅ မိနစ်လောက် ပြန်နွေးရင်နွေး၊ မဟုတ်ရင် ဆီမထည့်ဘဲ ဒယ်ပြားချည်းသက်သက်ပေါ်မှာ အပူပေးပြီး လိုချင်တဲ့အတိုင်းအတာအထိ နွေးပေးလို့ရပါတယ်တဲ့.. မနက်ကျမှ ပြန်နွေးပြီးစားချင်တယ်ဆိုရင်တော့ ပေါင်မုန့်ထဲကို ဆားရည်စိမ်အသီးအရွက်တွေ မထည့်ဘဲနဲ့ ရေခဲသေတ္တာထဲသာထည့်ထားလိုက်ပါ။ မနက် စားခါနီးကျမှ ထုတ်နွေးပြီး စားလို့ရတယ်တဲ့နော်။ ဒီနည်းလမ်းတွေကတော့ Banh Mi က ပြောတာတွေပါ.. ကိုယ်ကတော့ လက်ထဲကို ပေါင်မုန့်ရောက်လာတာနဲ့ ဗိုက်ထဲမှာပဲ သိမ်းဖြစ်တာများလို့ မလုပ်ကြည့်ဖူးပါဘူး။ 😂

 

၂။ Wallace

ဒီဆိုင်ကတော့ လှည်းတန်းမှာရှိတာ.. လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာပေါ့။ Nature Republic နားမှာ.. ကြည့်လိုက်တာနဲ့ ဆိုင်းဘုတ်က ထင်းနေတော့ သိပ်ရှာစရာမလိုလောက်ဘူး။ စျေးကတော့ Banh Mi လောက် မနည်းပေမဲ့ သူလည်း low budget နဲ့ အဝစားလို့ရတဲ့ဆိုင်ထဲမှာပါတယ်လို့ပြောရမယ်။ မီနူးနည်းနည်းစုံတော့ ရွေးစရာများတာပေါ့။

ကြက်ကောင်လုံးကျော်တစ်ကောင်လုံးကိုမှ 5200.. ကြက်ကြွပ်ကျော်လေးကလည်း တော်တော်ကောင်းတယ်။ အဲ့ဒါက 2500။ Bacon ကြက်သားဘာဂါကတော့ ထင်သလောက် မကြိုက်လှဘူး.. နောက်ပြီး အာလူးချောင်းကျော်တစ်ပွဲကတော့ တော်တော်များတယ်..။ သူကလည်း 1000 ပဲ။  Pudding Milk Tea က Small တစ်ခွက်ကို 1500, Strawberry Milk Tea က Large တစ်ခွက်ကို 2000 ဆိုတော့ မဆိုးပါဘူး။ (သူ့ small က Tealive ရဲ့ small လောက်ရှိပြီး large ခွက်ဆိုဒ်က Cacai ရဲ့ regular လောက်ရှိမယ်) အရသာလေးလည်း အဆင်ပြေတယ်။

ဆိုင်ရဲ့ဒီဇိုင်းကာလာအနေအထားကတော့ အတွင်းပိုင်းဆိုင်နေရာက ကျယ်ပြီး အဲကွန်းနိုင်တာမို့လို့ အေးတယ်။ ခုံတိုင်းမှာ ပလပ်ပေါက်တွေရှိတော့ ဖုန်းအားလည်းသွင်းလို့ရတဲ့နေရာလေးပေါ့။ အချိန်ကြာကြာထိုင်ချင်တဲ့လူတွေနဲ့  စာစုလုပ်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေနိုင်တယ်။ လူတအားများလာရင်တော့ ဆူလာနိုင်မလားမသိပေမဲ့ ကိုယ်တွေသွားတုန်းကတော့ လူနည်းတာမို့ အေးအေးဆေးဆေးပဲ။

 

၃။ Burger Chef

ဒီဆိုင်က ဗိုက်ပြည့်မဲ့မီနူးတွေက 3500-4000 တွေ.. အအေးတွေလည်းရှိတယ်။ အအေးတွေကတော့ 1000-1500 ဝန်းကျင်ပဲ။ ပြည်သာယာလမ်းပေါ်ကဆိုင် ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေပြီး ည ၁၀ နာရီအထိ ဖွင့်တယ်ဆိုပေမဲ့ တစ်ခါတစ်လေဆို စောပြီးကုန်သွားတတ်ပါတယ်။ စမ်းချောင်းမှာလည်း ဖွင့်မယ်ဆိုလားပဲ..။ ပွဲစျေးတွေမှာဆိုရင်လည်း truck နဲ့ လိုက်ရောင်းတယ်သိလား.. ပြီးခဲ့တဲ့ ရေကျော်ပွဲစျေးနဲ့ လမ်းမတော်ပွဲစျေးမှာတောင် ရှိနေသေးတယ်.. သူက street food ကို အဆင့်မြှင့်ထားတဲ့ပုံစံမျိုးလေး.. Organic စစ်စစ်တွေကိုပဲ သုံးထားတာမို့ စိတ်ချလို့ရပါတယ်တဲ့။

ကိုယ်သွားစားဖြစ်တဲ့နေ့တုန်းက burger chef မသွားခင်မှာ အစားတွေ တနင့်တပိုးစားထားတာနဲ့ ဗိုက်တအားတင်းနေလို့ သူ recommend တဲ့ tuna sandwich ပဲ စားဖြစ်ခဲ့တယ်။ sandwich 2 ခုပါပြီး စျေးက 2000 ဆိုတော့ သူ့စျေးနဲ့ သူ့အရသာ တန်တယ်လို့ပြောရမယ်။ Mayonnaise တွေက အများကြီးပါပြီး တော်ရုံတန်ရုံ tuna မကြိုက်တဲ့ကိုယ်တောင် ကုန်အောင်စားခဲ့တယ် 😂 အအေးကလည်း ခွက်အကြီးကြီးနဲ့ကိုမှ 1000 ပဲဆိုတော့ တော်တော်တန်တယ်။

ဒါပေမဲ့ Takeaway ယူတာကတော့ ပိုအဆင်ပြေတာပေါ့နော်။ လူရှင်းနေရင်တော့ ဆိုင်မှာထိုင်စားတာ သိပ်ပြဿနာမရှိပေမဲ့ လူများရင်တော့ ခုံနေရာအခက်အခဲရှိနိုင်မယ်ထင်တယ်။ ကိုယ်သွားတုန်းကတော့ လူရှင်းနေလို့ ဆိုင်မှာထိုင်စားခဲ့တာ။ တော်တော်များများကတော့ takeaway ပဲ ယူကြမယ်ထင်တယ်..။

ကဲ အခုလောက်ဆို ဘယ်ဆိုင်က ကိုယ်နဲ့အဆင်ပြေမလဲလို့ တွေးနေကြပြီလား?

Discover.Eat.Enjoy.Doemal

Photos – Credit

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top