Bubble tea ဆိုင်ရှေ့ရောက်တာနဲ့ ခြေထောက်ကရွှေ့မရတော့ဘူးလား? ဆိုင်အသစ်ဖွင့်တယ်ဆိုပြီး ပြေးသောက်ကြည့်ပေမဲ့ တချို့ကျတော့ ကိုယ်နဲ့ကီးမကိုက်တာတွေလည်း ရှိတတ်ပြန်ရောနော်။ အဲ့တော့ အခုနောက်ပိုင်း ကိုယ်သဘောကျတဲ့ဆိုင်လေးတွေကို ပြောပြပေးမယ်.. အကြိုက်တူလား မတူလား ကြည့်ကြည့်တာပေါ့။
ဒီတစ်ခါကတော့ Bubble Tea ဆိုင်အကြောင်းလေးတွေ အပြန်အလှန် အမြင်ချင်းဖလှယ်ကြမယ်လေ။ အသောက်တစ်လိုင်း သီးသန့်ပေါ့ 😆 ရန်ကုန်မှာကတော့ အခုနောက်ပိုင်း bubble tea ဆိုင်တွေ တော်တော်များလာတယ်။ ဆိုင်သစ်ဖွင့်တာနဲ့ promotion တွေလည်းချပေးတာဆိုတော့ အရသာမြည်းကြည့်ချင်ရင်လည်း တန်တာကိုး.. စွဲသွားရင်တော့ ဘယ်လောက်ဝေးဝေးကို သွားသောက်ဖြစ်တော့တာပဲ။ အခုကတော့ ကိုယ်ကြိုက်တဲ့ဆိုင်လေးတွေထဲက စျေးရော အရသာရော အဆင်ပြေမယ်ထင်ရတဲ့ (၄) ဆိုင်ကို ရွေးကြည့်ထားတယ်။
Tealive
အခုတလော တော်တော်ကြိုက်နေတဲ့ဆိုင်လေးပေါ့။ Bubble လေးတွေက အိအိလေးမို့လို့ ဝါးလိုက်ရင် အိကျိကျိလေးနဲ့ တော်တော်ကောင်းတယ်..။ Small နဲ့ Regular ဆိုပြီး ၂ ဆိုဒ်ရှိပေမဲ့ small က နည်းနည်းသေးသလားလို့တော့ ထင်မိတယ်။ အကြိုက်ဆုံးကတော့ Bang Bang Chocolate with Brown Sugar ပဲ..။ စျေးက 2600 ဝန်းကျင်တော့ရှိမယ်။ ချော့ကလက်အရသာချိုချိုလေးနဲ့ bubble လုံး အိအိလေးတွေနဲ့ အရမ်းမိုက်။ MICT Park ထဲမှာလည်း ဖွင့်ထားတယ်ဆိုပေမဲ့ ကိုယ်ကတော့ လမ်းကြုံတဲ့ Junction Square က ဆိုင်ကိုပဲ သွားဖြစ်တယ်..။
Tea Black
ဒီဆိုင်ကိုက လသာမှာ စသောက်ဖြစ်တာ..။ ကြေးအိုးဘုရင်ရဲ့ ဘေးချင်းကပ်လျက်ဆိုင်လေး။ ဘာရယ်မဟုတ်ဘူး Bubble Tea ဆိုင်တွေ့တာနဲ့ ဝင်သောက်ဖြစ်လိုက်တာ.. အရသာက တော်တော်လေးအဆင်ပြေတယ်။ ကိုယ်ကအချိုကြိုက်လို့လားမသိဘူး.. ရိုးရိုး Pearl Milk Tea ကတောင်မှ နို့အရသာများပြီး ချိုချိုလေးဆိုတော့ တော်တော်သဘောကျတယ်။ စျေးကလည်း အဲ့လောက်မကြီးလှဘူး။ 1200 ကနေ 2000 အတွင်းပဲ။ သူလည်း Small နဲ့ Regular ဆိုပြီး ၂ ဆိုဒ်ရှိတယ်။ Regular ကိုမှ 1500 လောက်ပဲဆိုတော့ နေ့တိုင်းနီးပါးသောက်ချင်လည်း အိုခေတယ်နော်။
Ocha
ဒါကတော့ ရန်ကုန်မှာဆိုရင် ရန်ကင်းမှာတစ်ဆိုင်.. စံရိပ်ငြိမ် ဂမုန်းပွင့်မှာတစ်ဆိုင်ရှိတယ်။ ရန်ကင်းကဆိုင်ကတော့ ရန်ကင်း ကြားမှတ်တိုင်နားမှာ။ ရန်ကင်းဆိုင်ကတော့ Takeaway အတွက်ပဲ ပိုအဆင်ပြေတဲ့ဆိုင်လေးပေါ့။ သူလည်း စျေးက အပေါ်နှစ်ဆိုင်လောက်ပဲ.. 1500 လောက်ကနေစပြီး 3000 ဝန်းကျင်ဆိုတော့လေ။ ဆိုဒ်မှာက Medium နဲ့ Large ဆိုပြီး ၂ မျိုးရှိတယ်။ ကိုယ်ကတော့ Medium ဘူးလေး ချစ်လို့ Medium ပဲ မှာဖြစ်တာများတယ် 😂 ပန်းဆိုးတန်းက Yangon weekend market မှာလည်း ရောင်းတယ်။
Ca Ca
ဒီဆိုင်က လှည်းတန်းစင်တာ၊ ပြည်လမ်း စိန်ဂေဟာ၊ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ Central Sweets တို့မှာ ဆိုင်ခွဲတွေရှိတယ်ဆိုပေမဲ့ လှည်းတန်းစင်တာကဆိုင်မှာပဲ သောက်ဖြစ်တယ်.. အချိုမကြိုက်တဲ့လူတွေအတွက်တော့ နည်းနည်းအချိုလျှော့ထည့်ခိုင်းရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ သူ့ဆီက bubble tea ထက် yogurt နဲ့ pudding milk tea ကို ပိုကြိုက်တယ်.. ဆိုဒ်ကလည်း ထုံးစံအတိုင်း Small နဲ့ Medium ၂ ဆိုဒ်ပဲ။ စျေးကတော့ 2000 ကနေ 3000 ဝန်းကျင်လောက်ရှိမယ်ထင်တယ်။
Discover.Eat.Enjoy.Doemal
