အလာ့ဂျစ်ဖြစ်တယ်ဆိုတာ တကယ်တော့ မပေါ့ဆသင့်တဲ့ကိစ္စတစ်ခုနော်.. အထူးသဖြင့် နေ့တိုင်းစားသောက်နေရတဲ့ အစားအစာတွေထဲမှာ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတစ်ခုခုပါသွားရုံလေးနဲ့တင် ပြင်းပြင်းထန်ထန် ထိခိုက်တတ်တာမို့လို့ ဒီတစ်ခါမှာတော့ အစားအသောက်နဲ့ အလာ့ဂျစ်အကြောင်းကို ဒိုးမယ်က ရေးပေးထားတယ်..။
အစားအသောက်အကြောင်းတွေ တင်ပေးရင်းနဲ့ ကြားဖြတ် ကျန်းမာရေးအကြောင်းလေးလည်း တင်ပေးချင်လို့နော်.. ဖတ်ကြည့်ပါဦး။ တစ်ခါတစ်လေကျတော့ ကိုယ်သတိမထားလိုက်မိတဲ့အရာလေးတစ်ခုကနေ ဆိုးဆိုးရွားရွား ကျန်းမာရေးထိခိုက်သွားနိုင်တာကြောင့် ဓာတ်မတည့်တာကိုလည်း ပေါသေးသေးတော့တွက်လို့မရပြန်ဘူး..
ငယ်ငယ်လေးထဲက ဓာတ်မတည့်တာကို သိထားရင် ကြီးလာတဲ့အခါမှာလည်း ဂရုတစိုက်နဲ့ ရှောင်ရှားဖြစ်တယ်ဆိုပေမဲ့ တချို့လူတွေမှာကျတော့ အရင်ကလည်း စားနေကျဖြစ်တဲ့ အစားအစာတစ်ခုခုနဲ့ ရုတ်တရက်ကြီး ဓာတ်မတည့်တော့တာမျိုးလည်းဖြစ်နိုင်တယ်။ ဓာတ်မတည့်တဲ့လက္ခဏာတွေကတော့ ခန္ဓာကိုယ်မှာ အစက်အပြောက်တွေ ပေါ်လာတာကစပြီး ဗိုက်နာတာ၊ အန်တာ၊ မူးဝေတာနဲ့ နောက်ဆုံး အသက်ရှူကျပ်ပြီး ရှော့ခ်ရတာမျိုးအထိတောင် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဓာတ်မတည့်ဖြစ်တဲ့အချိန်တိုင်း ဖြစ်လာတဲ့နောက်ဆက်တွဲလက္ခဏာက တစ်ကြိမ်နဲ့ တစ်ကြိမ်မတူတတ်ပြန်ဘူးတဲ့။
အဓိကကတော့ ကိုယ်တစ်ခုခုဖြစ်တယ်ဆိုရင် ဖြစ်မှန်း သတိထားမိတဲ့လူကြီးတွေထက် ကလေးတွေကို ပိုပြီးဂရုစိုက်ပေးသင့်တာပေါ့နော်.. အခု ဓာတ်မတည့်ဖြစ်လေ့ရှိတဲ့ အစားအစာတွေထဲက တချို့ကိုပြောပြပေးမယ်..။
ဥ
ဒီမှာက အစားများကြတာ ကြက်ဥ ဆိုပေမဲ့ တကယ်ကတော့ ကြက်ဥနဲ့ မတည့်ဘူးဆိုကတည်းက တခြားဘဲဥ၊ ငုံးဥ အဲ့လိုမျိုးဥတွေနဲ့လည်း ဓာတ်မတည့်နိုင်ချေများပါတယ်.. အဓိကကတော့ ဥမှာပါတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာပါ။ ကလေးတွေမှာ အဖြစ်များပြီး အသက် ၁၆ နှစ်လောက်ရောက်ရင်တော့ ပျောက်ကင်းသွားနိုင်ချေရှိပါတယ်.. အသက် ၁၆ နှစ်ကျော်နေပြီမို့လို့ဆိုပြီး ကိုယ့်ကိုယ်ကို အတင်းစိတ်ချမသွားနဲ့ဦး။ ကြက်ဥစားပြီးတော့ ဗိုက်နာတာမျိုးနဲ့ အနီရောင်အစက်တွေထွက်လာတတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ မမေ့နဲ့နော်။
နို့နဲ့နို့ထွက်ပစ္စည်း
အသက် ၃ နှစ်အောက် ကလေးတချို့က နို့နဲ့ ဓာတ်မတည့်ဘူးတဲ့နော်။ တချို့ကတော့ ၃ နှစ်ပြည့်ပြီးရင် အဲ့ဓာတ်မတည့်တာ ပျောက်သွားပေမဲ့ တချို့ကျတော့ ၄ နှစ်၊ ဒါမှမဟုတ် ၁၆ နှစ်ဝန်းကျင်မှပဲ ပျောက်ကင်းတတ်တယ်လို့ပြောတယ်..။ တော်တော်လေးတော့ ကသိကအောင့်နိုင်တဲ့ ဓာတ်မတည့်မှုကြီးပါပဲ။
အခွံမာရှိတဲ့ ရေသတ္တဝါ
အခွံမာရှိတယ်ဆိုရင် အရင်ဆုံးပြေးမြင်ကြတာက ကဏန်း။ ဟုတ်ပါတယ်.. ကဏန်း၊ ကျောက်ပုစွန်နဲ့ ပုစွန်တွေက ဓာတ်မတည့်မှုအများဆုံးပါပဲတဲ့။ ဒါပေမဲ့ ကဏန်းတို့ ကျောက်ပုစွန်တို့နဲ့ ဓာတ်မတည့်တိုင်း ငါးတို့ဘာတို့တော့ ရှောင်စရာမလိုပါဘူး။ တချို့ဆိုရင် ခုံးကောင်တို့ ကမာကောင်တို့တောင် စားလို့ရတယ်လို့ပြောတယ်.. ဒါပေမဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေါ့နော်။ ငယ်တုန်းက စားနေကျပေမဲ့ ကြီးလာမှ ဓာတ်မတည့်ဖြစ်သွားတတ်တာ ဒါမျိုးတွေပါ။
ငါး
လူကြီးပိုင်းရောက်မှ ရုတ်တရက်ကြီး ဓာတ်မတည့်ဖြစ်လာတတ်တဲ့ နောက်အစားအစာတစ်ခုကတော့ ငါးပါ.. အရင်ကလည်း ငါးက စားနေကျပါပဲ။ ဒါပေမဲ့ အရွယ်ရောက်လာတော့ တူနာတို့ ဆယ်လ်မွန်တို့နဲ့ ဓာတ်မတည့်တော့ဘူး။ ဒါမျိုးက ဖြစ်နေကျပါပဲတဲ့..။ ငါးနဲ့ ဓာတ်မတည့်ဘူးဆိုပေမဲ့လည်း စားလို့ရတဲ့ငါးအမျိုးအစားတွေတော့ ရှိပါတယ်။ ကိုယ်ဖြစ်တဲ့ ဓာတ်မတည့်မှုအပေါ်မှာ မူတည်ပြီး ကွဲပြားသွားတာပေါ့..
Discover.Eat.Enjoy.Doemal
Writer_SMY
Editor_SMK
