ပွဲတော်များ

ပြည်တော်ပြန်နေ့ တဖြစ်လဲ တပေါင်းလပြည့်နေ့

ငယ်ငယ်က ဆယ့်နှစ်ရာသီပွဲတော်တွေကို တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲ ဆိုပြီး ပုံတွေနဲ့တကွ ကဗျာသဖွယ် အော်ကျက်ခဲ့ရတဲ့အချိန်တွေကို မှတ်မိဦးမယ်ထင်ပါတယ်။

တပေါင်းလပြည့်နေ့မှာ သဲပုံစေတီပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ တပေါင်းလရာသီမှာ ရေကျချိန်ပြီး သဲသောင်များ ဖြစ်လေ့ရှိတာကြောင့် ဘာသာတရား ရိုသေကိုင်းရိုင်းကြတဲ့ ဗုဒ္ဓလူမျိုးတွေက သဲသောင်တွေ အပေါ်မှာ သဲပုံစေတီတွေ တည်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ဓလေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ရှေးအရင်ထဲက ဘုရင်တွေ အပါအဝင် ပြည်သူတွေပါမကျန် လုပ်လေ့ရှိတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့မှာတော့ ဘုရား၊ စေတီအသီးသီးမှာ ကောင်းမှုကုသိုလ်တွေ လုပ်လေ့ရှိတာကတော့ တပေါင်း လပြည့်နေ့ကို ပြည်တော်ပြန်နေ့လို့ ခေါ်ဆိုကြတဲ့ အကြောင်းရင်းကနေ မြစ်ဖျားခံပါတယ်။ ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဒကာ၊ ဒကာမတွေကို တရားပြနေတဲ့ ဘုရားရှင်ကို ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ဖူးတွေ့ချင်လို့ ပင့်ဆောင်ရာက ဘုရားရှင်ဟာ မဟာသက္ကရာဇ် (၁ဝ၃) ခု၊ သံဃာတော် အပါး နှစ်ထောင် ခြံရံပြီး တပေါင်းလပြည့်ကျော် ၁ရက်နေ့မှာ ကပိလဝတ်ပြည်ကို ရောက်ရှိခဲ့ပါတယ်။
သားတော်ဘုရားရှင်ရဲ့ မဟာဓမ္မပါလ ဇာတ်တော်ကြီးကို ကြားနာရတဲ့အတွက် ခမည်းတော်မင်းကြီးဟာ အနာဂါမ်တည်ခဲ့ပါတယ်။ မိထွေးတော်ဂေါတမီလည်း သောတာပန်တည်ခဲ့ပြီး ညီတော်နန္ဒမင်းသားကလည်း ရဟန်းပြုခဲ့ပါတယ်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဘောင်ကို ရောက်ခဲ့တာတွေကို အကြောင်းပြုပြီး တပေါင်းလပြည်နေ့မှာ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ဆင်နွှဲတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ သုဒ္ဓေါဒနမင်းကြီးက အနာဂတ်သာသနာအဓွန့်ရှည်ဖို့ ရည်ရွယ်ပြီး ရဟန်း၊ ရဟန်းမ၊ ဒါယကာ၊ ဒါယိကာမတွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုချီးမြှင့်ခဲ့သလို ခုအချိန်မှာလည်း သာသနာ့တာဝန်ထမ်းဆောင်နေကြတဲ့ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်နဲ့ လူမှုထူးချွန်ဆု ဆိုင်ရာ တံဆိပ်တွေကို ဆက်ကပ်လှူဒါန်းလေ့ရှိပါတယ်။

ဒါ့ကြောင့် မြန်မာ့ဆယ်နှစ်လရာသီတွေထဲမှာ နောက်ဆုံးလဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့လည်း ခေါ်ဆိုနိုင်သလို၊ သဲပုံစေတီပွဲတော်အချိန်၊ သာသနာနုဂ္ဂဟနေ့လို့လည်း ခေါ်ဆိုရခြင်းဖြစ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top