ရာသီဥတု အကူးအပြောင်းကာလများတွင် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်လှပါသည်။ ရာသီဥတု အကူးအပြောင်းကာလတွင် ဖြစ်ပေါ်တတ်သော အအေးမိခြင်း၊ဖျားနာခြင်းများကြောင့် ကိုယ်ခံအားလျော့နည်းခြင်း၊ ခုခံအားကျဆင်းခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ တချို့သောလူများသည် ဖျားနာနေစဉ်အတွင်း အစားအသောက် မစားမသောက်ပဲနေထိုင်တတ်ကြသည်။ ဖျားနာနေစဉ်အတွင်း အစားအသောက်များကို မစားမသောက်ပဲနေထိုင်ခြင်းသည် မှားယွင်းသော အပြုအမူဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ရောဂါများကို တိုက်ထုတ်ပေးသော အာဟာရဓါတ်များကို အစားစားခြင်းဖြင့်သာ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဖျားနာနေစဉ်အတွင်း အချိန်မှန်မှန်စားသုံးသင့်ပါသည်။ အစားအစာများသည် သင့်ခန္ဓာကိုယ် ကျန်းမာရေးနှင့် အထူးဆက်စပ်လျက်ရှိပြီး အစားအစာများသည် ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်စေနိုင်ပြီး ဖျားနာမှုများကို ကင်းဝေးစေပါသည်။ ဖျားနာပြီး နာလန်ထစအချိန်တွင် စားသုံးသော အစားအစာများသည် ဖျားနာနေစဉ် ကုန်ဆုံးသွားသော အားအင်များနှင့် စွမ်းအင်များကို ပြန်လည် ဖြည့်ဆည်းပေး ပြီး ဖျားနာမှုများကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကောင်းမွန်သော အစားအစာများကို ရွေးချယ်စားသုံးသင့်ပါသည်။အောက်ဖော်ပြပါ အစားအစာများသည် ဖျားနာပြီး နာလန်ထူစ အချိန်တွင် အာဟာရနှင့် ကိုယ်ခံအား ပြန်လည်ကောင်းမွန်စေသော အစားအစာများဖြစ်ပါသည်။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ
ဖျားနာနေစဉ်အတွင်း ပြန်လည်ကောင်းမွန် သက်သာလာရန်အတွက် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် ပြန်လည်ကျန်းမာလာစေရန်နှင့် ခန္ဓာကိုယ်အတွက် အထူးလိုအပ်လှသော အင်တီအောက်စီဒင့်ဓါတ် အများအပြား ပါရှိပါသည်။ ရောဂါများနှင့် ဖျားနာခြင်းများကို ကာကွယ်ပေးနိုင်ပြီး တိုက်ထုတ်ပေးနိုင်သော ဗီတာမင်စီ ပါဝင်သည့် အသီးအနှံများဖြစ်သော လိမ္မော်သီးများ၊ သံပုရာသီးများ၊ စပျစ်သီးများနှင့် ရှောက်သီးများသည်လည်း ဖျားနာနေစဉ်နှင့် နာလန်ထအချိန်များတွင် ပြန်လည်ကောင်းမွန်လာစေရန်အတွက်် စားသုံးသင့်သော အစားအစာများဖြစ်ပါသည်။
ကြက်စွပ်ပြုတ်
ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြက်စွပ်ပြုတ်များသည် ဖျားနာခြင်းနှင့် တုပ်ကွေးရောဂါများအတွက် အလွန်အစွမ်းထက်လှသော ဆေးတစ်ခွက်ကဲ့သို့ သတ်မှတ် ထားကြသည်။ ဗီတာမင်များ၊ ပရိုတင်းဓါတ်များနှင့် အခြားသော အာဟာရဓါတ်များစွာ ပါရှိသော ကြက်စွပ်ပြုတ်သည် ဖျားနာနေစဉ်အတွင်း ခန္ဓာကိုယ်အတွက် လိုအပ်လှသော အာဟာရများကို ဖြည့်ဆည်းပေးနိုင်ပြီး အအေးမိခြင်း၊ ဖျားနာခြင်းရောဂါဝေဒနာများအတွက် အစွမ်းထက်လှပါသည့်အပြင် အင်အားပြန်လည် ဖြည့်ဆည်းပေးပါသည်။
ရေနွေးကြမ်းပူပူတစ်ခွက်
ဖျားနာခြင်းနှင့် နေမကောင်းဖြစ်ခြင်းများအတွက် ရေနွေးကြမ်းပူပူတစ်ခွက်သည်လည်း အစွမ်းထက်လှသော ကုထုံးတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသောရောဂါ ပိုးမွှားများကို တိုက်ထုတ်နိုင်ပါသည်။ လက်ဖက်စိမ်း ရေနွေးကြမ်း သို့မဟုတ် သံပုရာသီးထည့်သွင်းထားသော ရေနွေးပူပူများသည် ဖျားနာမှုများကို အလျင်မြန်ဆုံးပျောက်ကင်း သက်သာစေပြီး ခုခံအားကို ပိုမို ကောင်းလာစေပါသည်။
ကြက်သွန်ဖြူနှင့် ဂျင်း
ကြက်သွန်ဖြူနှင့် ဂျင်းများတွင် ရောင်ရမ်းမှုကိုလျော့ကျပေးနိုင်သောဓါတ်နှင့် အဆင့်မြင့် အင်တီအောက်စီဒင့်များစွာ ပါဝင်ပါသည်။ ဖျားနာမှုမှ အလျင်အမြန် ပျောက်ကင်းနိုင်အောင် လုပ်ဆောင်ပေးနိိုင်ပြီး အစာအိမ်နာခြင်းများအတွက်လည်း အစွမ်းထက်လှပါသည်။ ကြက်သွန်ဖြူ နှင့် ဂျင်းများကို အစားအစာများ၊ စွပ်ပြုတ်များ ထဲတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်းစားသုံးခြင်းဖြင့် နလန်ထစအချိန်တွင် ခွန်အားတိုးစေပါသည်။
ရေဓါတ်ဖြည့်ခြင်း
ဖျားနာနေစဉ်အတွင်း ခန္ဓာကိုယ်အတွင်း ရေဓါတ်ကောင်းစွာ ရရှိရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးပါလှသော အရာဖြစ်ပါသည်။ ဖျားနားနေစဉ်အတွင်း ကြုံတွေ့ရတတ်သော ချွေးထွက်လွန်ခြင်း ၊အော့အန်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများသည် ကုန်ဆုံးသွားသော ခန္ဓာကိုယ်ထဲရှိ ရေဓါတ်များကို ဆုံးရှုံးစေသောကြောင့် ရေဓါတ်ပြန်လည် ဖြည့်ဆည်းပေးရန်မှာ အလွန်အရေးပါလှပါသည်။ ထို့ပြင် ရေဓါတ်သည် ခန္ဓာကိုယ်အတွင်းရှိ မလိုလားအပ်သော အဆိပ်အတောက်များကို ဖယ်ရှားပေးနိင်ပါသေးသည်။ ချိုမွှေးသော အရသာရှိသော အုန်းရည်သည်လည်း ဖျားနာနေစဉ်နှင့် ဖျားနာမှု ပျောက်ကင်းချိန်တွင် ခန္ဓာကိုယ်အတွက် လိုအပ်လှသော ရေဓါတ်နှင့် အစွမ်းထက်အာဟာရဓါတ်များကို ပေးစွမ်းနိုင်ပါသည်။
ဒိန်ချဉ်
ဒိန်ချဉ်များသည် ပရိုတင်းဓါတ်၊ ဗီတာမင်နှင့် သတ္တုဓါတ်များပါရှိသော အကောင်းဆုံး အစားအစာဖြစ်ပါသည်။ ဒိန်ချဉ်အချို့တွင်ပါရှိသော ပရိုဖိုင်ရောတစ်သည် ဖျားနာမှုဖြစ်ပွားခြင်းကို လျော့ကျပေးစေနိုင်ပြီး လျင်မြန်စွာ သက်သာပျောက်ကင်းစေသောကြောင့် နေမကောင်းဖြစ်ပွားစေသည့် ရောဂါများကို တိုက်ထုတ်နိုင်ပါသည်။
ငှက်ပျောသီးများ
ငှက်ပျော်သီးများသည် ဖျားနာနေစဉ်အတွင်းနှင့် နာလန်ထစအချိန်တွင် ခွန်အား ပြန်လည်ဖြည့်တင်းရန် အတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါသည်။ အနံ့အရသာနှင့် ပြည့်စုံပြီး စားသုံးရလွယ်ကူရုံသာမက ခန္ဓာကိုယ်အတွက် လိုအပ်လှသော အဆီဓါတ်နှင့် အာဟာရဓါတ်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။
ဆောလမွန်ငါးများ
ဆောလမွန်ငါးများသည် အသားဓါတ်ကြွယ်ဝကာ အိုမီဂါ ၃ နှင့် ဗီတာမင် ဒီတို့ ပါဝင်သောကြောင့် ဖျားနာခြင်းကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ခံအားကို ပြန်လည် မြှင့်တင်ပေးနိုင်ပေးပါသည်။
အုတ်ဂျုံများ
အုတ်ဂျုံများသည် ဖျားနာနေစဉ် စားသုံးရလွယ်ကူသော အစားအစာတစ်မျိုးဖြစ်ပြီး ကိုယ်တွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။
![]() အမှတ်(၂၄/၂၆) ၊ တောင်မျဉ်းပြိုင်ကွင်းလမ်း၊ တာမွှေ၊ ရန်ကုန်မြိူ့။ |
![]() အိုးရှင်း စင်တာ၊ တာမွေ၊ ရန်ကုန်မြို့။ |
![]() အမှတ် (၃၉)၊ အခန်း (၈)၊မြေညီထပ်၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန် |
![]() အမှတ် (၁၃၃)၊ လမ်းမတော်၊ ရန်ကုန်မြို့။ |
![]() အမှတ်(၂၂၆/၂၂၈) ၊ မဟာဗန္ဓုလပန်းခြံအနီး၊ ရန်ကုန်မြို့။ |
