ဖြစ်ရပ်များ

အလုပ်သမားနေ့ (မေဒေး) ဘယ်လို ဖြစ်ပေါ်လာတာပါလဲ။

May Day

မေဒေး(သို့) အလုပ်သမားနေ့ဆိုတာ ကမ္ဘာပေါ်ရှိလူတိုင်းသိထားသင့်တဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်သကဲ့သို့  လွန်စွာ အရေးပါလှတဲ့နေ့တစ်ရက်ပဲ ဖြစ်ပါတယ်။ ထိုနေ့ကို ကမ္ဘာအသီးသီးရှိနိုင်ငံအများအပြားတွင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခဲ့ကြတာက ယနေ့ခေတ်တိုင် ဖြစ်ပါတယ်။  ကျွန်တော်တို့ ချစ်မြတ်နိုးရတဲ့ ရုံးပိတ်ရက်များမှာ အပါအဝင် ဖြစ်တဲ့ အလုပ်သမားနေ့ဆိုတာ ဘယ်လို ပေါ်ပေါက်လာတာပါလဲ။

အလုပ်သမားများဟာ ကျွန်တော်တို့ ကမ္ဘာကြီး ဖွံ့ဖြိုုးတိုးတက်ဖို့အတွက် စွမ်းဆောင်တဲ့ နေရာမှာ အထူး အရေးပါလှတဲ့ လူတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လုပ်ငန်းတိုင်းမှာ အလုပ်သမားတွေဟာ အဓိက ကြိုးစားလုပ်ကိုင်နေရသူများဖြစ်ကြပါတယ်။

ရှေးနှစ်ပေါင်းများစွာက အလုပ်သမား (ပစ္စည်းမဲ့ လူတန်းစား) များကို ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင် စနစ်ကို တော်လှန်ပြီး အလုပ်သမားတို့ ဘဝသစ်  တည်ထောင်နိုင်ဖို့အတွက် အလုပ်သမားများအားလုံးသွေးစည်းညီညွှတ်မှုကို ပြသတဲ့ နေ့လေးလည်းဖြစ်ပါတယ်။
မေးဒေး ပေါ်ပေါက်လာပုံကတော့ ၁၉ ရာစုနှစ်က အမေရိကန် ပြည်ထောင်စူတွင်  ဖြစ်ပွားခဲ့သော အလုပ်ရှင် အလုပ်သမား ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့ပါတယ်။  ထိုအချိန်က အလုပ်သမား အများစုသည် တစ်နေ့ကို ၁၆နာရီမှ နာရီ ၂၀ အထိ နေဝင်မှ နေထွက် အထိ ပင်ပန်းကြီးစွာ  လုပ်ကိုင်ခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ ဘဝများ၊ ကျန်းမာရေး၊ နေထိုင်မှု အဆင့်အတန်းများကတော့ များစွာ အောက်ကျပြီးတော့ နိမ့်ကျလှပါကာ အလုပ်ရှင်များရဲ့ လုပ်အား ခေါင်းပုံဖြတ်မှုကို ခံစားခဲ့ရပါတယ်။  ဒီလိုမျိုးနိမ့်ကျစွာ ရှင်သန်ပြီး လုပ်အား ခေါင်းပုံ ဖြတ်ခံနေရသော အလုပ်သမားများရဲ့ ဘဝများကို စာနာပြီး မကြည့်ရက်နိုင်သော အလုပ်သမားခေါင်းဆောင်များက အလုပ်သမားများ သက်သာ ချောင်ချိစေရန်အတွက် အလုပ်ရှင်များထံ တောင်းဆို ပေးကြသည်။
အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ထားရှိရန် အလုပ်ရှင်များကို အချိန်ကြာမြင့်စွာ တောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်များကတော့ မလိုက်လျောခဲကြပါဘူး။ အလုပ်ရှင်များရဲ့ တင်းမာသော သဘောထားများကြောင့် အလုပ်ချိန်ပေါ့လျော့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများရှိလာပေမဲ့လည်း တိုက်ပွဲဝင်အလုပ်သမားများ ကို အလုပ်ရှင်များက ဖမ်းဆီးနှိပ်ကွပ်ခဲ့ကြပါတယ်။ အလုပ်သမား များ အင်အားစုကလည်း လုံးဝ အလျော့မပေးဘဲ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြရာမှ စပြီး အလုပ်သမားနှင့် အလုပ်ရှင်တို့ရဲ့ တိုက်ပွဲများက အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် သြစတေးလျ တို့ကို ပျံ့ ပွားသွားခဲ့ပါတယ်။
အမေရိကန် အလုပ်သမား အဖွဲ့ချုပ် ညီလာခံကို ၁၈၈၄ ခုနှစ်တွင် ကျင်းပခဲ့ပြီး ထိုညီလာခံတွင် ၁၈၈၆ ခုနှစ် မေလ (၁) ရက်မှ စတင်ကာ တစ်နေ့လျှင် အလုပ်ချိန်(၈) နာရီ အထိသာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးရှိအလုပ်သမား အဖွဲ့ခွဲများကိုလည်း ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ကာ ညွှန်ကြားချက်များ ပေးပို့ခဲ့ကြပါတယ်။ အလုပ်သမားများစွာ တို့ကလည်း ညွှန်ကြားထားတဲ့အတိုင်း ဆက်လက်တိုက်ပွဲဝင်ကြရာ အများစုမှာ အလုပ်ရှင်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး အလုပ်မှ ထုတ်ခံကြရပါတယ်။ တချို့မှာလည်း ထောင်ကျကာ သေဆုံးသွားသူများလည်း ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အလုပ်သမားတို့အားလုံးမျှော်လင့်ထားတဲ့ အတိုင်းအောင်မြင်ခဲ့ပါတယ်။
မေလ (၁)ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ် ပါရီ မြို့တွင် ကျင်းပခဲ့တဲ့ ဆိုရှယ်လစ် ဒုတိယ ညီလာခံတွင် သတ်မှတ်ပေးလိုက်ပါတယ်။  ညီလာခံတွင် ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် နှစ်စဉ် မေလ (၁)ရက်နေ့တိုင်းတွင် အလုပ်သမားခေါင်းဆောင်များက အလုပ်သမား နှင့် ပတ်သတ်သော အကြောင်းအရာများ ဟောပြောခြင်း၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒီလို သမိုင်း အစဉ်အလာ ကြီးမားခဲ့သော အလုပ်သမားနေ့ ဖြစ်ပေါ်လာအောင် ကြိုးစားတိုက်ပွဲဝင် ခဲ့ကြသော အလုပ်သမား သူရဲကောာင်း တစ်ယောက်စီတိုင်း နှင့် ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားများ အားလုံးကို ‘Doemal’ မှ ဒီနေ့မှ ကျရောက်တဲ့ မေဒေး( အလုပ်သမားနေ့) မှာ ဂုဏ်ပြုလိုက်ပါတယ်။ ပျော်စရာ အလုပ်သမားနေ့ အားလပ်ရက်လေး ဖြစ်ပါစေနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top