ပွဲတော်များ

သီတင်းကျွတ် အမှတ်တရများဆီသို့….

Thadingyut Festival

သီတင်းကျွတ်ဆိုတာ ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်စရာ မြန်မာ လလေးတစ်လပါ။

ပိတ်ရက်တွေကလည်း ရှိ၊ ပျော်စရာ ရွှင်စရာပွဲတော်တွေကလည်း အများသားဆိုတော့ လူတိုင်းပျော်ကြတာပေါ့။ သီတင်းကျွတ်ဆိုတော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွေမှာ အဆိုတော်ယုဇနရဲ့ ‘သီတင်းကျွတ်ညလေးတစ်ည’ သီချင်းကို ကြားမိရင်း ကျွန်မတို့ ငယ်ငယ်တုန်းက သီတင်းကျွတ်အချိန်လေးတွေကို ပြန်အမှတ်ရမိသွားတယ်။ တချို့ ဓလေ့လေးတွေက အခုချိန်မှာ တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားခဲ့ပေမယ့် တချို့ အရာလေးတွေကတော့ အခုထိ သီတင်းကျွတ်တိုင်းမှာ ပြုလုပ်နေကြဆဲပါပဲ။

တွန်းလှည်းမီးပုံးလေးတွေ

Thadingyut Festival
သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ ကလေးတိုင်း တွန်းလှည်းမီးပုံးလေးတွေ တွန်းပြီး ရပ်ကွက်ထဲ လျောက်သွားကြလေ့ရှိ ကြတယ်။ လက်တွန်းလှည်း မီးပုံးဆိုတာကတော့ ချစ်စရာ ယုန်ရုပ်၊ ဆင်ရုပ်၊ ကြောင်ရုပ် ပုံစံလေး ပြုလုပ်ထားတဲ့ ဘီးတပ်မီးပုံးသေးသေးလေးကို လက်မှာ ကိုင်ပြီး တွန်းလို့ရအောင် ဝါးတုတ်လေး တပ်ထားပြီး ဖယောင်းတိုင်အသေးလေးအထဲမှာ ထွန်းပြီးထည့်ထားတဲ့ မီးပုံးလေးတွေပါ။

ငရဲမီး

Thadingyut FestivalPhoto Credit: Ma Lapyae Aung

ရေလေးနည်းနည်းတောက်လိုက်တာနဲ့ဟုန်းကနဲ မီးတောက်အကြီးကြီး လျှံတက်သွားတာကိုကြည့်ပြီး ပျော်ခဲ့ကြဘူးတယ် ဟုတ်။ ဒီလိုလုပ်တာကိုတော့ငရဲမီးလို့ခေါ်တယ်။ တွင်းသေးသေးလေးတူးပြီး ဖယောင်း၊ ဆီ အစရှိတာတွေထည့်ပြီး မီးရှို့၊ ပြီးတေ့ာမှ နောက်ဆုံးရေလေးနဲ့တောက်လိုက်ရုံပါပဲ။ ကိုယ်တွေငယ်ငယ်တုန်းကတော့ ငရဲမီးလုပ်တိုင်းကစားတဲ့သူတွေကို အခုလို သီတင်းကျွတ်ကာလတွေ မှာတွေ့ရတတ်တယ်။ အခုထိလည်း နယ်တွေနဲ့ ရပ်ကွက်အချို့မှာတော့ ဆော့ကစားဆဲပါပဲ။

ဆီမီးပူဇော်မယ်

Thadingyut Festival
ကိုယ်တွေကလေးဘဝတုန်းက ဘာရယ်မဟုတ်ဘူး သီတင််းကျွတ်ရောက်ပြီဆိုတာနဲ့ အိမ်ကရှိတဲ့ ဖယောင်းတိုင်ထုပ်တွေကိုယူ၊ မီးခြစ်တစ်ခုနဲ့ တစ်ခြံလုံးကိုဆီမီး လိုက်ထွန်းပြီး ပျော်ခဲ့ဘူးတယ်။ အိမ်ကအဖွားကလည်း ပစ္စည်းတစ်ခုစီတိုင်းမှာလည်း ဖယောင်းတိုင်လေးတွေ ထွန်းထားတာဆိုတော့ ကိုယ််လည်းရှိသမျှအိမ်က ပစ္စည်းတွေတိုင်းမှာပါ ဖယောင်းတိုင်လေးတွေ လိုက်ထွန်းခဲ့တယ်။ နောက်ကြီးလာတော့ဒီလိုမျိုး ဆီမီးပူဇော်တာက ဘုရားကို ပူဇော်တာ ဖြစ်ပြီး၊ ပစ္စည်းလေးတွေမှာ ဆီမီးထွန်းတာကတော့့ ဒီပစ္စည်းလေးတွေရဲ့ ဆိုင်ရာ နတ်တွေကို စီးပွား လာဘ်လာဘ ကြီးပွားအောင် ဆုတောင်းတာလို့ သိခဲ့ရတယ်။ ဒီလို အလေ့အထကို အခုထိ နယ်မြို့လေးတွေမှာ တွေ့ရဆဲပါ။ ဆန်ပုံးတွေ၊ ကျောက်ပြင်တွေ၊ စက်ကိရိယာတွေပေါ်မှာ ဆီမီးထွန်းပူဇော်ရင် အစားအစာကြွယ်ဝတယ်၊ မျက်နှာပွင့်တယ်၊ လုပ်ငန်းတွေ အဆင်ပြေတယ်လို့ ယုံကြည်ကြဆဲပါပဲ။ဘုရားတွေမှာဆိုလည်း ဆီမီး ၉၀၀၀ ပူဇော်ပွဲတွေလည်း ပြုလုပ်ကြပါတယ်။ နောက်ပြီး ရွှံ့ပြားအဝိုင်း လေးတွေလုပ်၊ ညဘက်ရောက်ရင် ရွံ့ပြားဘေးပတ်ပတ်လည်မှာ ဗန်ဒါရွက်လေးတွေစိုက် အလယ်မှာဖယောင်းတိုင်ထွန်းထားပြီး လမ်းရဲက ဘယ်ညာ တစ်လျှောက် ၊ အတန်းလိုက် ညီညီညာညာလေး ထွန်းတာတာများ တစ်လမ်းလုံးကိုလှ လို့။ ဒီဓလေ့လေးလည်း နယ်အချို့က ရွာလေးတွေမှာပဲ တွေ့ရတော့တယ်။

မီးပုံးလွှတ်မယ်၊ ဗြောက်အိုးဖောက်မယ်ကွယ်။

Thadingyut FestivalPhoto Credit: Ma Lapyae Aung

ကိုယ်တွေကိုယ်တိုင်ကလည်း အကဲဆိုတော့ သီတင်းကျွတ်ဆိုရင် ဗြောက်အိုးလေးလည်းဖောက်ချင်၊ မီးပန်းလေးကိုင်ပြီးပဲ ကလည်းများချင်၊ ကောင်းကင်ကြီးပေါ် ပြန်တက်သွားတဲ့ မီးပုံးကြီးကို ငေးရင်း ပြုံးနေချင်မိတာ အခုထိပါပဲ။ ရပ်ကွက်ထဲက ကောင်လေးတချို့ဆို ကောင်မလေးခပ်မို်က်မိုက်ချောချောလေးတွေ လာရင် ဗြောက်အိုးလေးပစ်ချလို်က်ရော၊ ကောင်မလေးတွေကလည်း လန့်ပြီးအော်။ ဒီလိုစကြနောက်ကြရင်း သူငယ်ချင်းတွေ ဖြစ်ကြတာနဲ့ ပျော်စရာကောင်းတယ်။ ဒါပေမယ့် နှလုံးရောဂါရှိသူတွေ၊ အသက်ကြီးတဲ့သူတွေ၊ လန့်တတ်တဲ့သူတွေကို တော့ဒီလို ဗြောက်အိုးတွေ ဖောက်ပြီး မစပါနဲ့နော် သူငယ်ချင်းတို့။

သွားကန်တော့မယ်၊ မုန့်ဖိုးတောင်းမယ်။


သက်ကြီး၊ ဝါကြီးတွေကို ပူဇော်ကန်တော့ တာက မင်္ဂလာတစ်ပါးလို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့တယ်။ သီတင်းကျွတ်လကတော့ ဒီလို မင်္ဂလာတွေနဲ့ ပြည့်စုံတဲ့ လထူးလမြတ်ပါ။ ကလေးတွေကစလို့ လူတိုင်းလိုလို ကိုယ့်ရဲ့ မိဘ၊ ဆရာသမား၊ အမျိုးအဆွေတွေနဲ့ ကျေးဇူး ရှိဖူးသူတွေကို ဂါရဝပြုလိုက်လံ ကန်တော့ကြ၊ ကန်တော့ခံ လူကြီးတွေကို ဆုတွေ တသီကြီးပေးနဲ့ တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်။ ကလေးတွေအတွက်ဆိုရင်လည်း ကန်တော့ပြီး လူကြီးတွေက မုန့်ဖိုးတွေ ပြန်ပေး၊ မုန့်တွေ ပြန်ပေးဆိုတေ့ာ ဒီလက ပျော်စရာ အကောင်းဆုံးလပါပဲ။

အိုးပုတ်လေးတွေနဲ့ ထမင်းအတူ ချက်စားကြမယ်။

လမင်းကြီးထိန်ထိန်သာတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကိုယ်တွေနေခဲ့ဖူးတဲ့ နယ်ဖက်မှာတော့ ကလေးတွေ အိုးပုတ်လေးတွေနဲ့ ထမင်းချက်စားတဲ့ ဓလေ့လေးရှိတယ်။ ကလေးတစ်ယောက်ခြင်းစီကနေ ထမင်း၊ ဟင်းချက်ရာမှာ လိုတဲ့ အမယ် တစ်ခုစီကို ယူလာပြီး ပြီးတော့မှ အားလုံးယူလာတဲ့ အမယ်တွေကို ပေါင်းပြီး မြေအိုးလေးတွေနဲ့ ချက်ပြုတ်တိုင်းဆော့ကြတာပါ။ ဒီလိုချက်ပြုတ်တဲ့ ဟင်းတွေကလည်း အားလုံးအတူ လက်စွမ်းပြရင် ပြသလောက် စားလို့လည်းကောင်း၊ ပျော်စရာလည်းကောင်းတယ်။

ဇာတ်ပွဲကြည့်မယ်၊ ပွဲစျေးလျောက်မယ်။

Thadingyut Fstival
သီတင်းကျွတ်ဆိုတော့ ပွဲစျေးတွေကလည်း အများသားလေ။ ပွဲစျေးကို သူငယ်ချင်းတွေနဲ့အတူ လျောက်၊ ရဟတ်စီး၊ မုန့်စား၊ လိုက်ငေးနဲ့ ပျော်စရာ အကောင်းသားနော်။ တချို့ပွဲစျေးတွေမှာ ဖျော်ဖြေရေးအနေနဲ့ ဇာတ်ပွဲတွေပါရှိသေးတော့ ပွဲကြည့်မယ်ဆိုလည်း ရသေးတယ်။ နယ်ဘက်မှာဆို ဒီလိုလပြည့်နေ့ဆို ဇာတ်ပွဲတွေအပြင် နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တွေကို ပိတ်ကားအဖြူကြီး ပြတတ်သေးတယ်။ လာကြည့်တဲ့ သူတွေက ဖျာလေးတွေကိုယ်စီယူပြီးလာထိုင်ကြည့်ရင်း၊ ရုပ်ရှင်ရဲ့ရသ ကို အတူခံစားကြတာကလည်း သီတင်းကျွတ်လရဲ့ ထူးခြားတဲ့ ဓလေ့လေးပါ။

အခုဒီစာလေးရေးနေရင်းနဲ့ကို သီတင်းကျွတ်ပွဲလရဲ့ အမှတ်တရ အချို့ကို သတိရပြီး ကြည်နူးမိလာတယ်။ သူငယ်ချင်းတို့ဆီမှာရော… သီတင်းကျွတ်လမှာ ထူးထူးခြားခြားဓလေ့လေး တွေ၊ အမှတ်တရလေး တွေရှိကြလား။ ရှိရင်လည်း အားလုံးပြန်ပြီး ကြည်နူးလို့ရအောင် ပြောပြပေးခဲ့ပါဦး။

ပျော်စရာ သီတင်းကျွတ်အချိန်လေး ပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

 

 

 

 

 

 

 

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top