ဗမာ

မြန်မာ့ရိုးရာ အချိုပွဲမုန့်များ

မြန်မာ့ရိုးရာ အချိုပွဲများ

အချိုပွဲများသည် အစားအစာစားသုံးပြီးနောက်ပိုင်းတွင် အချိုတည်းရန် အတွက် စားသုံးလေ့ရှိသော အစားအစာများဖြစ်ပြီး အများအားဖြင့် ချိုသောအစားအစာများ၊ ဖျော်ရည်များ၊ ကော်ဖီ၊ ချိစ်များ၊ သစ်သီးသစ်ဖုများနှင့် ချိုချဉ်အရသာရှိသော အစားအစာများ ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် အစားအစာ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အချိုပွဲများကို သုံးဆောင်လေ့ ရှိကြပြီး အများအားဖြင့် သဘာဝမှ ရရှိသော သစ်သီးများကို သုံးဆောင်သည်သာမက အခြားသော အစားအစာများကိုလည်း အချိုပွဲ အဖြစ် ဖန်တီးကာ ပြုလုပ်စားသုံးလေ့ရှိကြသည်။ မြန်မာ့ရိုးရာ အချိုပွဲများသည် အရသာကောင်းမွန်သည် သာမက ပြုလုပ် ဖန်တီးထားသည့် နည်းစနစ်များမှာလည်း တစ်မူ ထူးခြားလှပါသည်။

ထန်းလျက်များသည် မြန်မာ့ရိုးရာ အချိုပွဲ အစားအစာ တစ်မျိုးဖြစ်ပြီး ထမင်းစားပြီးချိန်တွင် အစာကြေစေရန်အတွက် စားသုံး တတ်ကြသည်။ ချိုမြိန်လှသော အရသာ ကြောင့် ကလေးများသာမက လူကြီးများပါ ကြိုက်နှစ်သက်သော ထန်းလျက်များကို ထန်းပင်၏ ထန်းရည်မှ ပြုလုပ်ထားကာ နေ့ခင်း နေ့လည် အချိန်များတွင် ရေနွေးကြမ်းပူပူဖြင့် တွဲဖက် စားသုံးလေ့ရှိကြသည်။ ထည့်သွင်း ပြုလုပ်ထားသော ပါဝင်ပစ္စည်းများပေါ် မူတည်ပြီး အုန်းထန်းလျက်၊ ဇီးထန်းလျက် နှင့် အစရှိသော ထန်းလျက် အမျိုးအစားများစွာ ရှိကာ ထန်းလျက်များကို မြန်မာ့ရိုးရာ အချိုပွဲများ ပြုလုပ်ရာတွင်လည်း အဓိက မပါမဖြစ် အသုံးပြုလေ့ရှိသည်။ ထန်းလျက်ဖြင့် ပြုလုပ် ထားသော နာမည်ကျော် မြန်မာ့ရိုးရာ အချိုပွဲများမှာ မုန့်လုံးရေပေါ်၊ မုန့်ကျွဲသဲ၊ မုန့်လက်ဆောင်း၊ မုန့်လိပ်ပြာ၊ ရွှေထမင်း နှင့် အစရှိသော မုန့်များ ဖြစ်ပါသည်။ ထန်းပင်မှ ရရှိသော ထန်းရည်သည်လည်း မြန်မာ့ရိုးရာ အဖျော်ယမကာ တစ်မျိုး ဖြစ်ပါသည်။

ရင်ကို အေးမြစေသည် ဟူသော အမည်နှင့် ရွှေရင်အေး သည် လူကြိုက်များလှသော အချိုပွဲ ဖြစ်ပြီး ချိုမြိန်အေးမြသော အရသာကြောင့် ပူပြင်းသော နွေရာသီနှင့် အထူးသင့်လျော်လှသော အချိုပွဲတစ်ခုဖြစ်ပါသည်။ အရသာ ရှိလှသော ရွှေရင်အေးကို ကောက်ညှင်း၊ သာကူ၊ ကျောက်ကျော ၊ ပေါင်မုန့် တို့ကိုအုန်းနို့ရည် အေးအေးလေး နှင့် တွဲဖက် စားသုံးရသော မြန်မာ့ အစားအစာ ဖြစ်ပါသည်။

တပို့တွဲလ၏ အထိမ်းအမှတ် အစားအစာဖြစ်သော ထမနဲသည် ကောက်ညှင်းဆန် နှင့်အတူ အုန်းသီးကြော်၊ မြေပဲ၊ နှမ်း၊ ဆီ၊ ဂျင်း နှင့် ဆားတို့ကို အချိုးညီညီ ထည့်ကာ ဖန်တီးထားသော အစားအစာ ဖြစ်ပါသည်။ သံပုရာယို၊ မရမ်းယို၊ ခရမ်းချဉ်သီးယို၊ ချဉ်ပေါင်ဖူးယို နှင့် ဇီးယို အစရှိသော သစ်သီးယို များသည်လည်း မြန်မာ့ရိုးရာ အချိုပွဲများတွင် အပါအဝင် ဖြစ်ပြီး ၄င်းတို့အနက် မွန်ပြည်နယ်မှ ဒူးရင်းယိုသည် အထူးကျော်ကြားလှသည်။

နာမည်ကြီးလှသော ထိုးမုန့် သည် ကောက်ညှင်းဆန်ကို စပျစ်သီးခြောက်၊ သီဟိုဋ္ဌ်စေ့ နှင့် အုန်းသီးတို့ဖြင့် ပြုလုပ်ထားသော အချိုပွဲ တစ်မျိုး ဖြစ်ပါသည်။ ဆန်ဖြင့် ပြုလုပ်ထားကာ ပဲပြုတ်၊ ငုံးဥတို့ပါဝင် ထည့်သွင်းထားသော အဝိုင်းပုံ မုန့်လင်မယားမုန့်များ၊ ငှက်ပျောသီး အုန်းနို့စမ်း၊ ဒိန်ချဉ် ထန်းလျက်ရည်စမ်း၊ ကောက်ညှင်းဆန်ကို ခရမ်းရောင် ရှိသည့်ကောက်လှိုင်းတီပန်းဖြင့် ရောစပ်ကာ ပြုလုပ်ထားသော ခရမ်းရောင် ကောက်လှိုင်းတီမုန့်များ အစရှိသော မြန်မာ့ရိုးရာ အချိုပွဲများကို မြန်မာနိုင်ငံ၏ နေရာ အနှ့ံအပြားတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ မြန်မာ လူမျိုးတို့သည် သဘာဝ သစ်သီးဖျော်ရည်များဖြစ်သော ကြံရည်၊ ဇီးဖျော်ရည်၊ သံပုရာရည် နှင့် အစရှိသော သစ်သီး ဖျော်ရည်များကိုလည်း အချိုပွဲ အနေဖြင့် သုံးဆောင်တတ်ကြပါသေးသည်။

မြန်မာနိုင်ငံ၏ များပြားလှသော အချိုပွဲ အစုံအလင်တို့သည် တစ်ခါ မြည်းစမ်းကြည့်ရုံမျှဖြင့် တစ်သက်စွဲလမ်းသွားစေမည့်အရသာ ရှိပြီး တစ်စထက်တစ်စ ပိုမို ကျော်ကြားလာလျက် ရှိသည်။ အချို့သော အချိုပွဲများသည် အချိန်ပေးပြီး ပြင်ဆင်ရခက်ခဲသည့် အစားအစာများ ရှိသော်လည်း ယခုအခါ မြန်မာ့ရိုးရာ အချိုပွဲများကို သန့်ရှင်း လတ်ဆတ်စွာဖြင့် သုံးဆောင်နိုင်သည့် နေရာ အများအပြား တည်ရှိလာပြီး စူပါမားကတ်ကြီးများတွင်လည်း အလွယ်တကူ ဝယ်ယူသုံးဆောင်နိုင်လာပါသည်။

ရွှေပလ္လင် (Shwepalin)ရွှေပလ္လင် (Shwepalin)

ပြည်လမ်းနှင့် ကျွန်းတော်လမ်းကြား၊ Junction Square ၊ ရန်ကုန်မြို့။

ခိုင်ခိုင်ကျော်(Khaing Khaing Kyaw Traditional food center)ခိုင်ခိုင်ကျော်(Khaing Khaing Kyaw Traditional food center)

အမှတ် (၆၇၁၊ အေ) ၊ ပြည်လမ်း၊ သုမကမ္ဘာ ဆေးခန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Lucky Seven Tea shopLucky Seven Tea shop

၄၉ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်တီးဟောက်စ်Yangon Tea House
အမှတ်(၇၇)၊ ပန်းဆိုးတန်းလမ်း၊ အောက်ဘလောက်၊ ပထမထပ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Feel MyanmarFeel Myanmar
ပြည်ထောင်စု ရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top