ချက်ပြုတ်နည်းများ

နွေရာသီအတွက် ပူပူစပ်စပ် အာရှစတိုင် အသုပ်များ။

အရှေ့တောင်အာရှ နှင့် ကမ္ဘာ့ အလယ်ပိုင်းဒေသများသည် ချဉ်ငံစပ်အရသာကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသော နိုင်ငံများ ဖြစ်သည့် အပြင် နွေရာသီကဲ့သို့ ပူလောင် အိုက်စပ်သော အချိန်တွင် တောင်မှ ချဉ်ချဉ်စပ်စပ် အစားအစာများကို စားသုံးလေ့ ရှိကြပါတယ်။ ချဉ်ချဉ်စပ်စပ် အစားအစာများကို နွေရာသီမှာ စားသုံးမယ်ဆို ရင် ခန္ဓာကိုယ် အပူချိန်ကို လျော့ချနိုင်ပြီး အေးမြစေနိုင်တယ်ဆိုတာ သိရှိထားပါသလား။ ချဉ်ငံစပ် အစားအစာများဟာ စားသုံးနေစဉ် အတွင်း ချွေးထွက်စေကာ ၎င်းတို့ ရေငွေ့ပြန်သွားသောအခါ ခန္ဓာကိုယ်အတွင်းတွင် အေးမြမှုကို ခံစားရစေပါတယ်။ ပူပြင်းလှတဲ့ နွေရာသီ အချိန်အခါမှာ ပူပူစပ်စပ် အစားအစာများကို စားသုံးဖို့ဆိုတာ လူတိုင်း မပြုလုပ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။ရေခဲပါဝင်သော ချိုမြိန်အေးမြလှတဲ့ သစ်သီးဖျော်ရည် ၊ ရေခဲမုန့် တို့ဟာ စားသုံးလိုက်စဉ် အချိန်ခဏအတွင်းသာ အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။ ချဉ်ငံစပ် အစားအစာများကို မြင်တွေ့ပြီး ၎င်းတို့ရဲ့ အနံ့လေးကို ရလိုက်ရုံဖြင့် လူတိုင်းရဲ့ စားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

Pomalo saladကျွဲကောသီးသုပ်

တစ်ဇွန်း စားလိုက်ရုံနဲ့ လန်းဆန်းမှုကို အပြည့်အဝပေးနိုင်မယ့် ကျွဲကောသီးသုပ်လေးကတော့ အရှေ့တောင် အာရှနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အထူးကျော်ကြားလှပါတယ်။ ကျွဲကောသီးသုပ်လေးကို ပြင်ဆင်မယ်ဆိုရင်တော့ နွာထားသော ကျွဲကောသီး စိတ်လေးတွေကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးစိမ်း ဒါမှမဟုတ် ငရုတ်သီးမှုန့်၊ ငပိအနည်းငယ်၊ ငံပြာရည် နှင့် အရသာမှုန့်တို့ကို ရောနယ်ကာ သုံးဆောင်နိုင်ပါပြီ။ ကျွဲကောသီး သုပ်လေးကို ထမင်းနှင့်အတူ စားသုံးသည့် အရံဟင်း အဖြစ်လည်း စားသုံးကြပါတယ်။ နွေပူပူရဲ့ ပူပြင်းမှုတွေကို ကျွဲကောသီးသုပ်လေးစားပြီး ဖြေဖျောက်နိုင်ပါပြီ။


ပန်းသီးနှင့် စတော်ဘယ်ရီ ချဉ်ငံစပ်သုပ်

မြန်မာနိုင်ငံမှာတော့ ပန်းသီး နှင့် စတော်ဘယ်ရီသီးတွေက အချိုပွဲ အနေနဲ့ စားသုံးလေ့ရှိတဲ့ အစားအစာ များအဖြစ်သာ အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ပန်းသီး နှင့် စတော်ဘယ်ရီ သီးတွေကို အသုံးပြုပြီး နွေရာသီ မှာ စားသုံးနိုင်တဲ့ ချဉ်ချဉ်စပ်စပ် အသုပ်အနေနဲ့ ဖန်တီး လို့ရပါတယ်။apple salad

ပန်းသီး (သို့) စတော်ဘယ်ရီသီးကို သံပုရာရည် အနည်းငယ်၊ ကြက်သွန်ဖြူထောင်း၊ ခရမ်းချဉ်သီး အနည်းငယ်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် တို့ကို ထည့်ကာ နွေရာသီ အတွက် ကျန်းမာရေးနှင့် ညီညွှတ်သော သစ်သီးသုပ်အနေနဲ့ မြည်းစမ်းလိုက်ပါ။


Lime Saladသံပုရာသီးသုပ်

သံပုရာသီးသုပ်ကို မြင်လိုက်တာပဲ ဖြစ်ဖြစ်၊ အနံ့ လေးရလိုက်ရုံပဲ ဖြစ်ဖြစ် လူတိုင်း သားရည် ကျတတ်ကြလောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ဒါဆို အရသာရှိတဲ့ သံပုရာသီးသုပ်ကို ဘယ်လို လုပ်ရတာပါလဲ။ လုပ်နည်းကတော့ အလွန်လွယ်ကူလှပါတယ်။ သံပုရာသီး ကို အတုံးသေးသေးလေးများ လှီးပြီး အစေ့ထုတ်ကာ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ သကြား၊ ငရုတ်သီးမှုန့် တို့ ကို ရောနယ်ကာ ချဉ်ငံစပ် အရသာ သံပုရာ သီးသုပ်ကို ပြုလုပ်နိုင်ပါပြီ။ အရသာ ဘယ်လောက်ကောင်းသလဲဆိုတာ ကိုယ်တိုင်မြည်းကြည့်ပြီိး နည်းနည်းလေးစားလိုက်ရုံ နှင့် အခုလိုနွေရာသီ အချိန်မှာ ချွေးတွေအများကြီး ထွက်စေမှာပါ။


Cucumber Saladသခွားသီးသုပ်

သခွားသီးများဟာ နွေရာသီမှာ စားသုံးသင့်တဲ့ အစားအစာ များဖြစ်ကြပါတယ်။ ချိုမြိန်အေးမြလှတဲ့ အရသာတွင်ချဉ်ချဉ် စပ်စပ်အရသာကဲထားသော သခွားသီးသုပ်များဟာ အာရှနိုင်ငံများ၏ အငွေ့အသက်ကို ခံစားမိစေနိုင်သော အစားအစာများ ဖြစ်ကြပါတယ်။ ချဉ်ချဉ်စပ်စပ်အရသာရှိလှတဲ့ သခွားသီး သုပ်လေးများဟာ နွေရာသီ အတွက် အထူးသင့်တော်လှပါတယ်။ သခွားသီးသုပ်ကို ပြုလုပ်မယ်ဆိုရင် အချိန် (၁၀) မိနစ်ခန့်သာ ကြာပါတယ်။ ပါးပါးလှီးထားသော သခွားသီးကို ပုစွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ငံပြာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်နိုင်ပါတယ်။ ငပိအရသာကို ကြိုက်နှစ်သက်သူများအတွက် ငပိကိုလည်း ထည့်နိုင်ပါတယ်။


Big lemon saladရှောက်သီးသုပ်

မြန်မာနိုင်ငံရဲ့ စျေးတိုင်းလိုလို မှာ အလွယ်တကူ ရရှိနိုင်တဲ့ ရှောက်သီးကို အသုံးပြုပြီး လွယ်ကူ မြန်ဆန်ပြီး ချဉ်ငံစပ် အရသာ ရှိလှတဲ့ ရှောက်သီးသုပ်ကို ဖန်တီးနိုင်ပါတယ်။ ရှောက်သီးသုပ်ကို ပြုလုပ်မယ်ဆိုရင်တော့ နွာထားသော ရှောက်သီး ဖက်လေးများကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငါးပိ၊ ကြက်သွန်ဖြူထောင်း၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကျက်မှုန့် ၊ ပုစွန်ခြောက်တို့ကို နှင့် သမအောင် ရောနယ်လိုက်ပါက နွေရာသီ မှာ မြန်မာလူမျိုးများ နှစ်ခြိုက်စွာ စားသုံးလေ့ ရှိတဲ့ ချဉ်ငံစပ် ရှောက်သီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။ ချဉ်ချဉ်စပ်စပ် ရှောက်သီး သုပ်လေးနဲ့ ဟင်းခါးပူပူလေးဟာလည်း လွန်းစွာ လိုက်ဖက်လှပါတယ်။


Spicy sour Mango Saladသရက်သီးချဉ်ငံစပ်သုပ်

ချဉ်ချဉ်စပ်စပ် ဆိုတာနှင့် ပြေးမြင်မိတဲ့ ငရုတ်သီးစိမ်း၊ ငပိ၊ ငံပြာရည်၊ အရသာမှုန့်တို့ ဖြင့် ရောစပ်သုပ်ထားတဲ့ သရက်သီးချဉ်ငံစပ် သုပ်များဟာ သင့်ရဲ့ အရသာခံ အာရုံကို ပွင့်ထွက်သွားလောက်အောင် ကောင်းမွန်လှတဲ့ အရသာရှိပါတယ်။ မြန်မာလူမျိုးများကတော့ သရက်သီးသုပ်ကို သရက်သီးလှိုင်လှိုင်ပေါလှတဲ့ နွေရာသီမှာ စားသုံးလေ့ရှိကြပါတယ်။ သရက်သီးသုပ်များဟာ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံများတွင်ပါ လူကြိုက်များလှသော အသုပ်တစ်ခု ဖြစ်ပါတယ်။


သဘောင်္သီးသုပ်

သဘောင်္သီးစိမ်းလေးများကို ပါးပါးခြစ်ပြီး ချဉ်ငံစပ် သုပ်ထားတဲ့ သဘောင်္သီးသုပ်လေးဟာ လာအိုနိုင်ငံက ဆင်းသက်လာတာ ဖြစ်ပေမဲ့ ယခုအခါမှာ အရှေ့တောင် အာရှနိုင်ငံများတွင် နှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ အစားအစာ တစ်ခု ဖြစ်ပေါ်လာပါတယ်။ လာအိုစတိုင် သဘောင်္သီးသုပ်ကိုတော့ သစ်သားငရုတ်ဆုံကြီးထဲတွင်ငရုတ်သီးနှင့် ကြက်သွန်ဖြူကို အရင်ညက်နေအောင်ထောင်းပါတယ်။ ထို့နောက် ငါးပိ၊ ငံပြာရည်၊ သံပုရာသီး၊ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ကာ ထောင်းပြီး အချိုအရသာ အတွက် ထန်းလျက်ရည် အနည်းငယ် ထည့်ကာ နောက်ဆုံးတွင် သဘောင်္သီး နှင့် မြေပဲကို ထည့်ကာ သမအောင်ရောထောင်းလိုက်ခြင်း ဖြစ်ပါတယ်။ အခြားသော သဘောင်္သီးသုပ် နည်းများ အနေနဲ့ မြန်မာနိုင်ငံတွင် သဘောင်္သီးကို ပဲမှုန့်၊ ဆီချက်၊ သံပုရားသီး၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်တို့ဖြင့် သုပ်သော နည်း နှင့် ငပိဖုတ်၊ ငရုတ်သီးစိမ်းထောင်း တိို့ နှင့် ပူပူစပ်စပ် အရသာ ရှိအောင် သုပ်သော ရခိုင်သဘောင်္သီးသုပ်နည်းတို့ ရှိပါတယ်။

သင်ရော နွေရာသီမှာ ချဉ်ချဉ်စပ်စပ် အရသာ ရှိတဲ့ အသုပ်များကို စားသုံးရတာ ကြိုက်နှစ်သက်ပါသလား။ နွေရာသီအတွင် သင် အကြိုက်ဆုံး ချဉ်ငံစပ် အရသာ ရှိတဲ့ အစားအစာလေးရှိရင်လည်း ပြောပြပေးခဲ့ပါဦးနော်။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top