အစားအစာသစ် မိတ်ဆက်ခြင်း

ထားဝယ် မြို့ရဲ့ အထင်ကရအစားအစာ မုန့်လက်သုပ်

Dawei Mont Te

ပြီးခဲ့တဲ့ ဒီဇင်ဘာရုံးပိတ်ရက်လေးက ကိုယ်တို့ မိသားစု ထားဝယ်၊ မြိတ် ဘက်ကို ခရီးသွားဖြစ်ခဲ့တယ်။ ထားဝယ် သွားတဲ့ လမ်းတစ်လျှောက်က အရမ်းလှတာ။ တောင်တွေ၊ တောတွေ၊ ရှုခင်းလှလှလေးတွေနဲ့ တစ်မျှော်တခေါ် ကြီး လှချင်တိုင်းကို အရမ်းလှတဲ့ ရှုခင်းတွေမှ အများကြီးပဲ။ ခါတိုင်းခရီးသွားတိုင်း အိပ်တတ်တဲ့ ကိုယ်တောင် အိပ်ငိုက်ပဲ ရှုခင်းတွေကို တစ်လမ်းလုံးငေးလာခဲ့တယ်။ ဘယ်နေရာက ရှုခင်းအလှဆုံးလဲ မေးရင်တော့ ထားဝယ် မြို့ကို ရောက်ဖို့ ဖြတ်သွားရတဲ့ မလွဲတောင် ပတ်လမ်းလေးက ရှုခင်းတွေကို ကြွေမိတယ်။

ထားဝယ်မြို့ကို ရောက်တော့ မြို့ထဲ လျှောက်လည်ဖြစ်တယ်။ ထားဝယ်မြို့လေးရဲ့ ထူးခြားချက်ကတော့ လမ်းတွေမှာ အမှိုက်လုံးဝ မရှိတာပါ။ စားသောက်ဆိုင်လေးတွေလည်း ပေါတယ်။

ထားဝယ်မြို့ရဲ့ နာမည်ကြီး ဒေသအစားအစာကတော့ မုန့်လက်သုပ်ပါ။ မနက်စာ အဖြစ် စားကြသလို၊ အဆာပြေအနေနဲ့လည်း စားကြတယ်။ ထားဝယ်မုန့်လက်သုပ် ရဲ့ အပြင်အဆင် က ရခိုင်မုန့်တီနဲ့ ပုံစံဆင်ပေမယ့် စားကြည့်လိုက်တော့ အရသာ နည်းနည်းကွဲတယ်။ ပအုန်းရည် သုံးပြီး ချက်ထားတဲ့အတွက် သူ့အရသာလေးက ရခိုင်မုန့်တီထက် အချဉ်နည်းနည်း ကဲတယ်။

ပအုန်းရည် ဆိုတာကတော့ ဓနိကနေရတဲ့ အရည်ကို အချဉ်ဖောက်ထားတဲ့ ရှာလကာရည်လို အရည် တစ်မျိုးပါ။ ထားဝယ်မှာက ဓနိတောတွေဆိုတာ လက်ညှိုးထိုး မလွဲအောင်ကို ပေါပါတယ်။

ငါးတွေ နိုင်းချင်းနဲ့ ချက်ထားတာဆိုတော့ ဟင်းရည်က ငါးအရသာပေါ်လွင်ပြီး ချိုတယ်။ ထူးခြားတာက ထားဝယ်မုန့်လက်သုပ်ဆိုင် အချို့မှာတော့ စာကလေးခွေးကြော်လေးတွေကို ပဲကြော်အစားထိုးပြီး ထည့်စားလို့ရတယ်ပေါ့နော်။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းလေးထည့်၊ ပအုန်းရည်လေး ထည့်ပြီး စားလို့ရတယ်။ ကိုယ်တော့စားပြီး ကြိုက်သွားတာဆိုတာ ထားဝယ်မှာလည်း အဝစားခဲ့တယ်။ ရန်ကုန်ရောက်တော့လည်း ထပ်စားချင်တော့ ထားဝယ်မှာ ချက်နည်းမေးပြီး အိမ်မှာ ထပ်ချက်စား ဖြစ်တယ်။

ထားဝယ်မုန့်လက်သုပ် ချက်နည်းလေးက လွယ်ကူပြီး ရိုးရှင်းပါတယ်။ အဓိကက ပအုန်းရည်ပါ။ ပအုန်းရည်ကို ဆိုင်တွေမှာ ဝယ်လို့ရသလို မရှိဘူးဆိုလည်း ရှာလကာရည် ၊ မရမ်းပြားထည့်ချက်လို့ရပါတယ်။ အရသာတော့ နည်းနည်းကွာတာပေါ့နော်။ နောက်ထပ် ဘာတွေ လိုဦးမလဲဆိုတော့ ငါး၊ ကြက်သွန်နီ၊ ဖြူ၊ စပါးလင်၊ ငံပြာရည်၊ ဟင်းချိုမှုန့်၊ ငါးပိအနည်းငယ် အဓိကလိုပါမယ်။
ရေနွေးဆူဆူတည်ထားတဲ့ အိုးထဲမှာ ငါးကို ငါးပိအနည်းငယ်၊ ပအုန်းရည် အနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ပြီးရင် ငါးကို နွင်ပါ။ ကျန်တဲ့ ငါးပြုတ်ထဲကို ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ၊နဲ့ စပါးလင်ကို ရေရောပြီးထည့်ပြုတ်ပါ။ ဆူလာပြီဆိုရင်တော့ နွင်ထားတဲ့ ငါးဖက်လေးတွေကိုထည့်ပါ။ အရသာအပေါ့အငံအတွက် ငံပြာရည်နဲ့ ဟင်းချိုမှုန့်ထည့်ပြီး ၁၅ မိနစ်လောက် တည်ထားပြီးပြီဆိုရင်တော့ ထားဝယ်မုန့်လက်သုပ်ဟင်းရည်ရပါပြီ။

ပြီးရင်တော့ ပန်းကန်တစ်ခုထဲ မုန့်ဖက်ထည့်၊ ဟင်းရည်လောင်း၊ နံနံပင်၊ ငရုတ်သီး၊ အချဉ် အရသာထည့်ပြီးပြီဆိုရင်တော့ ထားဝယ်မုန့်လက်သုပ်လေး သုံးဆောင်နိုင်ပါပြီ။

အားလုံးပဲ ပျော်စရာ ပိတ်ရက်လေး ဖြစ်ပါစေရှင်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top