ပွဲတော်များ

မကြာမီ ဆင်နွဲရတော့မည့် တပေါင်းလပြည့်နေ့ ပွဲတော်

တပေါင်းလပွဲတော်

အလှပဆုံးနှင့် အသာယာဆုံးသော တပေါင်းလသည် မြန်မာ ၁၂လ ရာသီများထဲတွင် နောက်ဆုံးသော လဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်တွင်မူ မတ်လ အချိန်သမယ ဖြစ်ကာ ဆောင်းအကုန် နွေကူးကာလလည်း ဖြစ်ပါသည်။  “နေ့ပူလို့၊ ညချမ်း၊ တပေါင်းလဆန်း”ဆိုသည့် ဆိုရိုးစကားသည် တပေါင်းလ၏ ရာသီဥတု အခြေအနေကို ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။တပေါင်းလတွင် ရာသီဥတု အခြေအနေသည် တော၊ တောင်၊ ပန်းပင်များ၊ လွင့်မျောနေသော တိမ်တိုက်များ၊ ကြည်လင်နေသော ကောင်းကင် ကြီးတွင် တိမ်ဖြူ၊ တိမ်ပြာများဖြင့် လှချင်တိုင်း လှပနေလျက်ရှိပါသည်။ တပေါင်းလသည် ထန်းပင်မှ ထန်းရည်လှိုင်လှိုင် ထွက်သောလဖြစ်သောကြောင့် ထန်းလျက်ချက်လုပ်ရာ လလည်းဖြစ်ပါသည်။

တပေါင်းလပြည့်နေ့၏ ပွဲတော်သည် ဗုဒ္ဓဘာသာဝင်ယုံကြည်မှု နှင့် သက်ဆိုင်သော သဲပုံစေတီပွဲတော် ဖြစ်ပါသည်။ ရှေးယခင် ဘုရင်မင်းမြတ်များသည် မြစ်၊ ချောင်း ကမ်းပါးရှိသော ရွာများ၊ မြို့များတွင် သဲပုံစေတီပွဲကို တပေါင်းလ ရောက်တိုင်း ပြုလုပ် ပူဇော်လေ့ရှိခဲ့သည်။ ရှင်ဘုရင်များ၊ မိဖုရား နှင့် မင်းညီမင်းသား၊ မင်းသမီးများအပြင် အခြားသော နန်းတွင်း အရာရှိများပါ သဲပုံစေတီပွဲတော်တို့ လာရောက် ပူဇော်ကြကာ ပူဇော်ပြီးနောက်ပိုင်းတွင် အတီးအမှုတ်များနှင့် ဖျော်ဖြေပွဲများဖြင့် တင်ဆက်ကြလေ့ရှိကြသည်။

သဲပုံစေတီပွဲတော် ပြုလုပ်ပူဇော်ခြင်းကို ပုဂံခေတ်မှ စတင်ကာ အင်းဝခေတ်အထိ ပြုလုပ် ပူဇော်လေ့ရှိကြောင်း သမိုင်းကြောင်းအရ သိရှိရပြီး ယနေ့အထိတိုင်လည်း သဲပုံစေတီပွဲတော်ကို မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပလျက်ရှိပါသည်။ ထို့အပြင် တပေါင်းလသည် ပူပြင်းခြောက်သွေ့သော လဖြစ်သည့် အားလျော်စွာ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် သဲသောင်ခုံများ ပေါ်ထွန်းလာသောကြောင့် စပါးရိတ် သိမ်းပြီး ငွေရွှင်နေသော လယ်သမားများသည် ဆန်ရေစပါး ဖြစ်ထွန်းအောင်မြင်ရေးအတွက် သဲပုံစေတီများပြုလုပ်ကာ မြတ်စွာဘုရားထံ ဆုတောင်းကြပြီး အလှူ အတန်းများ၊ ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပပြုလုပ်ကြ ပါသည်။

သဲပုံစေတီတော်များကို ပြုလုပ်ပူဇော်ရာတွင် တာယာ တစ်ခုစီတိုင်းတွင် သဲများဖြင့် ပုံစံသွင်းကာ ဘေးပတ်လည်တွင် ဝါးဖျာဖြင့် ဘေးပတ်လည်ကိုကာ ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ သဲပုံစေတီ ပုံစံတည်ဆောက်ပြီးနောက်တွင် သစ်သီးများ၊ ပန်းများဖြင့် စေတီတော်ကို ပူဇော်ကြသည်။ ယနေ့ခေတ်အခါတွင် သဲပုံစေတီတော်ကို မြစ်၊ ချောင်း ကမ်းပါးရှိသော မြို့၊ရွာ အနည်းငယ်တွင်သာ ကျင်းပပြုလုပ်ကြတော့ကာ သဲပုံစေတီ ပြုလုပ်ကျင်းပသည့်အလေ့အထအစား တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ နှင့် ရိုးရာ ပျော်ပွဲရွှင်ပွဲများကိုသာ ပြုလုပ်ကျင်းပကြတော့သည်။ ဗုဒ္ဓဘာသာဝင် အများစုသည် တပေါင်းလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန်အတွက် ဘုရားများ၊ ဘုန်းကြီးကျောင်းများသို့ သွားရောက်လေ့ရှိကြသည်။

ရွှေတိဂုံ ဘုရားပွဲတော်သည် တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ထင်ရှားလှသည့် ပွဲတော် ဖြစ်ကာ အဆိုပါနေ့သည် ရွှေတိဂုံ ဘုရားကို ဥက္ကလာပ ဘုရင် တည်ထားပြီးစီးသည့် နေ့လည်း ဖြစ်ပါသည်။ ဘုရားသို့လာရောက် ဖူးမျှော်သူများသည် သံဃာတော်များ နှင့် သီလရှင်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကောင်းမှု ပြုလုပ်ကြသည်။ ရွှေတိဂုံ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ လက်မှုပစ္စည်းမျိုးစုံ ဖြစ်သော ဝါးခြင်းတောင်းများ၊ သေတ္တာ၊ ချည်ထည်၊ ဖျာများ၊ ယွန်းထည်၊ အိုးများ နှင့် မြန်မာ့ရိုးရာ လက်ဆောင်ပစ္စည်းမျိုးစုံကို တွေ့မြင် နိုင်ပါသည်။

ပွဲစျေးတန်း တစ်လျောက်တွင်လည်း မုန့်မျိုးစုံ နှင့် စားသောက်ဖွယ်ရာများ ရောင်းချသော ဆိုင်တန်းများစွာ ရှိပါသည်။ စုံလင်လှသော မြန်မာ့ရိုးရာ မုန့်များဖြစ်သော ကောက်ညှင်းကျည်တောက်၊ ဖျော်ရည်များ၊ အုန်းသီးမုန့်ဖက်ထုပ်၊ ငှက်ပျောမုန့်ဖက်ထုပ်၊ သကြားမုန့်ဖက်ထုပ် နှင့် အစရှိသော အရသာ စုံလင်လှသည့် မုန့်ဖက်ထုပ်များ ၊ ကြွပ်ရွပြီး အရသာ ရှိလှသည့် အကြော်စုံများ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ နှင့် ဘုရားပွဲတော်၏ မုန့်စျေးတန်းအတွေ့အကြုံ အရသာကို ပေးစွမ်းနိုင်သော ရိုးရာ မုန့်မျိုးစုံကို တွေ့မြင်နိုင်ပါသည်။ ပျော်ရွင် စရာကောင်းသော ရသကို ပေးစွမ်းနိုင်သည့် တေးဂီတပွဲများ၊ ချားများ၊ ရဟတ်များကို စီးရင်း အမှတ်တရ ကောင်းများကို ဖန်တီးနိုင်ပါသည်။ တပေါင်းလဘုရားပွဲတော်များသည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင်သာ ကျင်းပခြင်း မဟုတ်ပဲ မြန်မာနိုင်ငံတစ် နိုင်ငံလုံးရှိ မြို့၊ ရွာများတွင်လည်း ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ၁၂ လရာသီများ၏ တစ်လစီတိုင်းတွင် ပွဲတော်များ ကိုယ်စီရှိတတ်ကြပြီး  တပေါင်းလ၏ ပွဲတော်များသည်  ပျော်ရွင်ဖွယ် အကောင်းဆုံးဖြစ်ပါသည်။ တပေါင်းလ၏ လပြည့်နေ့ပွဲတော်များကို ဆင်နွဲရင်း ပျော်ရွှင်ဖွယ် အခိုက်အတန့်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top