ချက်ပြုတ်နည်းများ

ကုက္ကိုလ် ပင်တွေကနေ အရသာရှိတဲ့ ဟင်းလျာများ ဖန်တီးနိုင်ပါသလား။

သစ်ပင်တွေက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးအတွက် တကယ်ကို အရေးပါလှပါတယ်။ သစ်ပင်တွေက အရိပ်ရအောင်လုပ်ပေးနိုင်ခြင်း၊သစ်သား၊ ဆေးဝါး၊ အစားအစာ နှင့် အောက်ဆီဂျင် အစရှိတဲ့ လူသားတွေ နေ့စဉ် လိုအပ်တဲ့ အရာတော်တော်များများကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ရာသီဥတု မျှတစေရန်နှင့် သဘာဝ အရင်းအမြစ်များ မပျက်စီးစေရန် အဓိက ကူညီပြုလုပ်ပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လို Rain Tree လို့ခေါ်တဲ့ ကုက္ကိုလ်ပင်တွေက အပင်ကြီး အမျိုးအစားဖြစ်ပြီး လမ်းဘေးဘယ်၊ ညာ ဝန်းကျင်မှာ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပူပြင်းလှတဲ့ နွေရာသီ မှာတော့ ကုက္ကိုလ်ပင်တွေက တကယ်ကို အ ဖိုးတန်လှပါတယ်။ အေးမြလှတဲ့ ကုက္ကိုလ်ပင်အရိပ်မှာ ခဏတာ နားခိုလိုက်ရသူတိုင်းကို အေးမြမှုကို ပေးစွမ်းတဲ့ အပင်တွေပဲ ဖြစ်ပါတယ်။ မိုးရာသီကဆိုရင်တော့ ပန်းရောင်ဖျော့ဖျော့ (သို့) အဖြူရောင် ကုက္ကိုပန်းလေးတွေ ပွင့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ကုက္ကိုလ်ရွက်လေးတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဒါကတော့ ညနေနေဝင်ချိန်မတိုင်ခင်မှာ ကုက္ကိုလ်ရွက်လေးတွေက အိပ်သွားတာပဲ ဖြစ်ပါတယ်။ ဒီအချက်လေးကတော့ အခြားသော အရိပ်ရအပင်ကြီးတွေနဲ့ မတူပဲ ထူးခြားတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ လူတော်တော်များက ကုက္ကိုလ်ပင်ကို အရိပ်ရ အပင်အဖြစ်သာ သိရှိကြပေမယ့် ကုက္ကိုလ်ပင်ကနေ အစားအစာတွေကို ဖန်တီးလို့ရတယ်ဆိုတာ သိတဲ့လူ နည်းလှပါတယ်။ ဘယ်လိုအစားအစာတွေကိုများ ကုက္ကိုလ်ပင်ကနေ ပြုလုပ်လို့ရတယ်လို့ ထင်ထားပါသလဲ။

ကုက္ကိုလ် ပင်ရဲ့ အစိတ်အပိုင်းတော်တော်များများက တကယ်ကိုအသုံးဝင်လှပါတယ်။ လေ့လာသူတွေအဆိုအရ ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာ ကုထုံးမှာ အသုံးပြုနိုင်ပြီိး ကုက္ကိုလ်ရွက် နုနုလေးတွေကတော့ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် အစာအိမ်နာခြင်းကို သက်သာစေပါတယ်။ ကုက္ကိုလ်ရွက်ကို အသုံးပြုပြီး အရသာရှိတဲ့ အသုပ်တစ်မျိုးနှင့် ဟင်းချိုတစ်ခွက် ချက်လို့ရတယ်ဆိုတာ သိပြီးပါပြီလား။ ဟုတ်ပါတယ်။ ကုက္ကိုလ်ရွက်ကိုအသုံးပြုပြီး အရသာရှိတဲ့ အသုပ်နဲ့ ဟင်းချိုတစ်ပွဲကို ရိုးရိုးရှင်းရှင်း၊ လွယ်လွယ်ကူကူ စျေးသက်သက်သာသာနဲ့ပြုလုပ်စားနိုင်ပါတယ်။ ကုက္ကိုလ်ရွက်သုပ်ကို ပြုလုပ်မယ်ဆိုရင်တော့ –

– ကုက္ကိုလ်ရွက် ကိုရေဖြင့်သေချာဆေးပြီး ဇလုံတစ်ခုထဲထည့်ထားပါ။
– ထို့နောက်ရေနွေးပူပူဖြင့် ၃မိနစ်မှ ၅မိနစ်ခန့်အထိ ရေနွေးဖျောပါ။
– ရေနွေးဖျောပြီးတဲ့အခါမှာ ရေနွေးတွေကိုသွန်လိုက်ပြီး ရေအေးအေးဖြင့် ၁မိနစ်မှ ၂မိနစ်ခန့်အထိထားပါ။
– ကုက္ကိုလ်ရွက်များကို ရေစင်အောင်ညှစ်ထုတ်ပြီး ပန်းကန်တစ်ခုထဲကာ ပါးပါးလှီးပြီး ပန်းကန်ထဲသို့ထည့်ထားပါ။
– ပါးပါးလှှီးထားသော ကြက်သွန်နီ၊ မြေပဲမှုန့်၊ ငံပြာရည်၊ အရသာမှုန့်၊ ငရုတ်သီးစိမ်း နှင့် သံပုရာရည် အနည်းငယ်ကို ထည့်ပါ။
– ဆီကိုအပူပေးပြီး ဆီဆူလာပါက နနွင်းအနည်းငယ်ထည့်ကာ ကြက်သွန်နီကွင်းများကို ရွှေရောင်သန်းလာတဲ့အထိ ကြော်ကာ ဆီချက်ချက်ပါ။
– ရလာသောဆီချက်ကို ကုက္ကိုလ်ရွက်နှင့် အခြားသော ပါဝင်ပစ္စည်းများပါဝင်သော ဇလုံတွင် ထည့်ကာ သမအောင် ရောမွှေပါ။
– နောက်ဆုံးအဆင့်အနေနဲ့ စားခါနီးတွင် ကြော်ထားသော ကြက်သွန်နီကြော်ကို ဖြူးကာ အရသာရှိလှတဲ့ ကုက္ကိုလ်ရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။
ကုက္ကိုလ်ရွက်သုပ်ရဲ့အရသာကတော့ တကယ်ကို ကောင်းမွန်လှပြီး မစားဖူးသေးတဲ့လူတွေအတွက် တကယ်ကိုအရသာကောင်းပေးစွမ်းနိုင်တဲ့ အသုပ်တစ်ခုဖြစ်ပါတယ်။

ကုက္ကိုလ်ရွက် ဟင်းချိုဆိုတာကလည်း အညာဒေသရဲ့ နာမည်ကြီး ဟင်းချိုတစ်ခု ဖြစ်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ရတာလည်း တကယ်ကို ရိုးရှင်းပါတယ်
– ရေနွေးပူပူ ထဲကို ကြက်သွန်ဖြူထည့်ကာ ဆူအောင်တည်ထားပါ။
– ကြက်သွန်ဖြူထည့်ထားတဲ့ရေ ဆူလာပြီဆိုရင်တော့ ကုက္ကိုလ်ရွက်များကိုထည့်လိုက်ပါ။
– ထို့နောက် အရသာမှုှုန့်၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ကာ ပူပူနွေနွေး ကုက္ကိုလ်ရွက် ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ။

မြန်မာနိုင်ငံရဲ့ အထက်ပိုင်း၊ အညာဒေသကို အလည်ရောက်ရှိခဲ့ရင် အရသာတကယ်ကောင်းလှတဲ့ ကုက္ကိုလ်သုပ်နှင့် ကုက္ကိုလ်ရွက် ဟင်းချိုကို မြည်းစမ်းကြည့် ဖို့မမေ့ပါနဲ့နော်။
#Photo_credit : Thein Aye Aung

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top